Monday, 27 May 2013

"... အချိန်မတန်သေးလို့ပါ ..."

"... အချိန်မတန်သေးလို့ပါ ..." မကောင်းတာတွေ လုပ်နေပေမယ့် အောင်မြင်နေတဲ့သူတွေ ရှိတတ်သလို၊ မကောင်းတဲ့ အလုပ်တွေမှာ အကျိုးပေး ကောင်းနေတဲ့သူတွေ ရှိတတ်ပါတယ်။ အဲဒီသူတွေကိုကြည့်ပြီး အားကျဖို့ မလိုပါဘူး။ ဒီလိုပဲ ကိုယ်ကကောင်းတာတွေ လုပ်နေပေမယ့် အဆိုးတွေပဲ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အခါ၊ လုပ်သမျှ အလုပ်တိုင်းမှာ အဆင်မပြေမှုတွေ ဖြစ်နေတဲ့အခါမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒီအခါမှာလည်း စိတ်ဓာတ်မကျဖို့၊ ကံတရားအပေါ် သံသယမဖြစ်ဖို့ လိုပါတယ်။ ဒါဟာ ကောင်းကံမကောင်းကံတွေရဲ့ အကျိုးပေးချိန် မတန်သေးလို့ပဲ ဖြစ်ပါတယ်။ ကံတရားရဲ့ အကျိုးပေးချိန်ကျလာရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် ဒီသက်ရောက်မှုကို ရရှိခံစားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ တရားစကားက သက်သေတစ်ခုပဲ ဖြစ်ပါတယ်။ ဘုရားရှင်က (၁) “မကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏။ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရ၏။ (၂) ကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း ကောင်းမှုအကျိုးမပေးသေးသော ကာလပတ်လုံး မကောင်းသော အာရုံကို တွေ့မြင်နိုင်သေး၏။ ကောင်းမှုအကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသောသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏” လို့ အနာထပိဏ် သူဋ္ဌေးကို ဟောကြားတော်မူပါတယ်။ ဒါကြောင့် ကောင်းကံ မကောင်းကံရဲ့ အကျိုးသက်ရောက်မှုဟာ အချိန်တန်ရင် ဘယ်သူမှ တားမရဘဲ ရောက်လာမှာ ဖြစ်တဲ့အတွက် ဘယ်သူဘယ်လိုပဲ ဖြစ်နေပါစေ။ ကိုယ်ကိုယ်တိုင်သာ ကိုယ့်အလုပ်တွေမှာ ယုံကြည်မှု အပြည့်နဲ့ အကောင်းဆုံးဖြစ်အောင် ရွေးချယ် လုပ်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ကံတရားဆိုတာ အကျိုးပေးချိန်တန်ရင် သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ============================================== စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) " မနာပဒါယီ " ဆိုဒ်မှကူးယူဖော်ပြခြင်းဖြင့် ဓမ္မဒါနပြုပါသည်။

No comments:

Post a Comment