Friday, 25 October 2013

မွန်အက္ခရာသမိုင်း

အက္ခရာသမိုင်းကို လေ့လာရာ ဘာသာစကား၊ အက္ခရာနှင့် ဘာသာစာပေဟူသော ဝေါဟာရသုံးမျိုးကို ခွဲခြားသိထားရန်လိုအပ်ပေသည်။ ဘာသာစကားဆိုရာ၌ လူမျိုးတစ်မျိုးဖြစ်ပေါ် လာသောအခါ ထိုလူမျိုးအတွက် ပြောဆိုသုံးစွဲရန်အတွက် ပေါ်ပေါက်လာသော ဘာသာစကားကို ဆိုလိုသည်။ ထိုမှတစ်ဆင့် ထိုလူမျိုးအတွက် ဘာသာစာပေသည်ထိုလူမျိုး၏ ကြိုးပမ်းမူအပေါ်မူ တည်ပြီး ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်တစ်ချို့လူမျိုးတို့ သည့်ဘာသာ စကား ရှိပင်ရှိငြားသော်လည်း စာပေပေါ်ပေါက်လာရန် မကြိုးစားမရှာဖွေသောကြောင့် စာပေမရှိပဲ ဘာသာစကားကိုသာသုံးစွဲပြီး နေထိုင်ကြသော လူမျိုးအဖြစ် တည်ရှိနေကြသည်။ ဥပမာပြရလျှင် ကမ္ဘာပေါ်ရှိ အချို့လူမျိုးငယ်များသည် စာပေမရှိသေးသော လူမျိုးအနေနှင့် ယခုတိုင်တည်ရှိနေကြ တည်ကိုတွေ့မြင်နိုင်ပါသည်။ ဆိုရှယ်လစ်နိုင်ငံများတွင်ယင်းလူမျိုးငယ်များအတွက်စာပေဖြစ်ထွန်း အောင် ပျိုးထောင်ပေးသည်ကို တွေ့မြင်ရပါသည်။ ဘာသာစကားပြောဆိုရာမှ ဘာသာစာပေဖြစ်ပေါ်ရန်အတွက် အက္ခရာသည်အရေးကြီးလေ သည်။ အက္ခရာဆိုသည်မှာ ထိုလူမျိုးက အသစ်တီထွင်ထားသော အက္ခရာသော်လည်းကောင်း၊ သို့မဟုတ် အခြားလူမျိုးတစ်မျိုး၏ အက္ခရာကို တိုက်ရိုက်သို့မဟုတ် ပြုပြင်ပြီး လက်ခံသုံးစွဲသော အက္ခရာကိုဆိုလိုသည်။ ထိုလူမျိုးအတွက်အက္ခရာရရှိပြီးမှသာထိုလူမျိုးအတွက်စာပေသည်ပေါ်ပေါက် ဖြစ်ထွန်းလာနိုင်မည် ဖြစ်ပေသည်။ သုတေသီတို့၏ အဆိုအရ ဘာသာစကားသာရှိပြီး ဘာသာစာပေမရှိသေးသောလူမျိုးကို ယဉ်ကျေးမူအရ အဆင့်နိမ့်ပြီး မတိုးတက်သေးသော လူမျိုးငယ်ဟု ခေါ်ဝေါ်သမုတ်ကြပြီး ဘာသာ စကားနှင့်တကွဘာသာစာပေကိုယခုထက်တိုင် အဆက်မပြတ် နှစ်ပေါင်းများစွာ ရေးသားလာသော လူမျိုးအတွက် ယဉ်ကျေးပြီး တိုးတက်သော လူမျိုးဟု သတ်မှတ်ခေါ်ဆိုကြလေသည်။ မွန်လူမျိုးတို့သည် ကိုယ့်လူမျိုးအတွက် မွန်ဘာသာစာပေကို ရေးသားနိုင်ရန်အက္ခရာမရှိမီ အခါကမွန်ဘာသာစကားနှင့်ပင်နေလာရသောလူမျိုးတစ်မျိုးဖြစ်ခဲ့လေသည်။ သို့သော်မွန်လူမျိုးတို့ သည်ဘာသာစကားနှင့်ပင် တင်းတိမ်၍မနေဘဲ စာပေဖြစ်ထွန်းအောင် ရှာဖွေကြိုးပမ်းခဲ့သည့် အ လျောက် မွန်စာပေသည် ခရစ်သက္ကရာဇ်ငါးရာစုလောက်တွင် ပေါ်ထွန်းလာသည်ကို တွေ့မြင်နိုင်ပါ သည်။ ပမဆုံးအချိန် မွန်တို့ရေးသားသော မွန်စာပေကို လေ့လာခြင်းအားဖြင့် မွန်တို့သည် အိန္ဒိယပြည်တောင်ပိုင်းရှိ ပလ္လဝလူမျိုးတို့ လေး - ငါးရာစုလောက်တွင် ရေးသားသော ပလ္လဝ အက္ခရာ (ဇယား - ၁) ကို ယူပြီး မွန်စာပေအဖြစ် စတင်ရေးသားသည်ကို တွေ့မြင်နိုင်ပါသည်။ ပလ္လဝအက္ခရာသည်လည်း ဘီစီသုံးရာစုလောက်တွင် အိန္ဒိယနိုင်ငံ၊ ပြည်နယ်တစ်ခု၌ မင်း ပြုသော အာသောကမင်းကြီး လက်ထက်အသုံးပြုသော ဗြာဟ္မီအက္ခရာမှဆင့်ကဲဆင်းသက်လာသော အက္ခရာပင် ဖြစ်ပါသည်။ အာသောကမင်းလက်ထက်တွင် သက္ကတဘာသာစကားကိုသာ သုံးစွဲရာမှ ဗြာဟ္မီအက္ခရာကို ရပြီးနောက် ဗြာဟ္မီအက္ခရာဖြင့် သက္ကတစာပေကို စတင်းရေးသားးလာပါသည်။ သက္ကတစာပေသည် အိန္ဒိယနိုင်ငံတွင် ပမထဆုံးပေါ်ပေါက်လာသော စာပေပင်ဖြစ်၍ ဗြာဟ္မီအက္ခရာ သည်လည်း အိန္ဒိယနိုင်ငံတွင် ပထမဆုံးအသုံးပြုသော အက္ခရာဖြစ်လေသည်။ အိန္ဒိယနိုင်ငံတွင် သက္ကတဘာသာစကားကို သုံးစွဲသောလူမျိုးအပြင် အခြားဘာသာစကား ကို သုံးစွဲသောလူမျိုး အများအပြားနေထိုင်သော နိုင်ငံဖြစ်သည့်အလျှောက် ဗြာဟ္မီအက္ခရာဖြင့် သက္ကတစာပေပေါ်ထွန်းလာပြီးနောက် အခြားလူမျိုးများသည်လည်း မိမိတို့ လူမျိုးအတွက်စာပေပေါ် ထွန်းရန်အက္ခရာကို တီထွင်လာကြသည်ကို တွေ့ရပြန်လေသည်။ ဗြာဟ္မီအက္ခရာပေါ်လာပြီးနောက် ကုသနလူမျိုး၊ ဂုတ္တလူမျိုး၊ ကဒမ္ပလူမျိုး၊ ပလ္လဝလူမျိုးစသော လူမျိုးတို့သည်လည်း အက္ခရာများကို တီထွင်သုံးစွဲလာကြလေသည်။ အဆိုပါလူမျိုးတို့၏ အက္ခရာသည်လည်း ဗြာဟ္မီအက္ခရာကိုအခြေခံ ၍ ဆင့်ကဲဆင်းသက်လာသော အက္ခရာများပင် ဖြစ်လေသည်။ အဆိုပါလူမျိုးတို့၏ အက္ခရာသည် ဗြာဟ္မီအက္ခရာမှ ဆင့်ကဲဆင်းသက်လာသည်ဟုဆိုသော်လည်း ထိုလူမျိုးတို့၏ အက္ခရာသည် တစ်ချိန်နှင့်တစ်ချိန် မတူကြဘဲ တဖြည်းဖြည်း ပြောင်းလဲလာသည်ကိုလည်း တွေ့မြင်နိုင်လေသည်။ ဥပမာ ငါးရာစုသုံး ပလ္လဝ အက္ခရာသည် ခုနှစ်ရာစုသုံး ပလ္လဝ အက္ခရာနှင့်ခြားနားစွာ ပြောင်းလဲလာ သည်ကို တွေ့ရပါသည်။ ထိုနည်းတူစွာ ကုသန၊ ဂုမ္ဘ၊ ဂဒမ္ပ၊ စသောအက္ခရာတို့သည်လည်း တစ် ချိန်နှင့် တစ်ချိန်မတူဘဲ ပြောင်းလဲလာသည်ကို တွေ့မြင်နိုင်ပါသည်။ အထက်တွင် ဖော်ပြသည့်အတိုင်း မွန်တို့သည် (၄ -၅ ) ရာစုလောက်တွင်ရေးသားသော ပလ္လဝအက္ခရာကိုယူပြီးမွန်စာပေကိုစတင်ရေးသားသဖြင့် မွန်တို့ငါးရာစု လောက်တွင်ရေးထိုးသော မွန်ကျောက်စာကိုယိုးဒယားပြည်တောင်ပိုင်း၊ဖရပထုံဘုရားတွင်တွေ့ရှိရသည်။ ထို့ ထက် စောစွာ ရေးထိုးသောကျောက်စာအထောက်အထား များကိုမတွေ့ရသေးသဖြင့် မွန်တို့သည်ခရစ်သက္ကရာဇ် ငါးရာစုမှစ၍ မွန်စာပေကိုရေးသားလာသည်ဟုဆိုကြလေသည်။ လူမျိုးတစ်မျိုး၏ စာပေသမိုင်းကို လေ့လာရာတွင်ထိုလူမျိုး၏ခေတ်အဆက်ဆက် စာပေအရေးအသားကိုလေ့လာရလေသည်။ ခေတ် ဟောင်းတွင် ရေးသားထားသောစာပေများကို ကျောက်စာတွင်သာ တွေ့မြင့်နိုင်သဖြင့်ကျောက်စာ သည် သမိုင်းလေ့လာသူတို့အတွက် တန်းဖိုးမဖြတ်နိုင်သော အထောက်ထားတစ်ခု ပင်ဖြစ်သည်။ ယိုးဒယားပြည်တောင်ပိုင်းဖရပထုံဘုရားတွင်တွေ့ရှိရသောခရစ်သက္ကရာဇ်ငါးရာစုလောက် တွင် (၁) မွန်ဘာသာဖြင့်ကမ္မည်းထိုးခဲ့သော ဘုရားတွင် အလူဒါန ကောင်းမှုပြုသည့် အကြောင်း ဖော်ပြထားသည်။ မွန်ကျောက်စာ အကျိုး အပဲ့ နှစ်တုံးနှင့် (၂) ယေဓမ္မာဂါထာရှိသော ပါဠိဘာသာ ဖြင့် မွန်အက္ခရာနှင့် ကမ္မည်းထိုးသောအုတ်ခွက် နှစ်ချပ်တို့ဖြစ်လေသည်။ ဖရပထုံဘုရားတွင် ယေဓမ္မာဂါထာပါရှိသည့် အုတ်ခွက်နှစ်ချပ်ကိုတွေ့ သည့်နည်းတူ ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်ဘုရားတွင်လည်း ဖရပထုံဘုရားတွင် တွေ့သော အုတ်ခွက်နည်းတူ မွန်အက္ခရာဖြင့်ယေဓမ္မာဂါထာပါရှိသည့်အုတ်ခွက်တစ်ချပ် ကိုလည်းတွေရှိခဲ့လေသည်ကို။ထို့ကြောင့် ရန်ကုန်မြို့သည်လည်း ဖရပထုံနည်းတူ ရှေးကြသောမွန်မြို့တစ်မြို့ဖြစ်ကြောင်း ထင်ရှားလေသည်။ ဇယား(၂) တွင်ဖော်ပြထားသောဗျည်းသည်ဖရပထုံဘုရားနှင့်ဗိုလ်တစ်ထောင်ဘုရားတို တွင် တွေ့ရှိသောကျောက်စာနှင့် အုတ်ခွက်စာတွင် တွေ့ရှိရသော မွန်အက္ခရာဗျည်းများပင်ဖြစ်လေသည် လူမျိုးတစ်မျိုး၏ အက္ခရာသည်အချိန်ကိုလိုက်၍ပြောင်းလဲသည်ဟုအထက်တွင်ဖော်ပြသကဲ သို့မွန်အက္ခရာသည်လည်း ပြောင်းလဲသည်ကို တွေ့ရှိနိုင်လေသည်။ ဥပမာဖရပထုံ ခေတ်တွင် ရေးထိုးသောမွန်အက္ခရာသည် ယိုးဒယားပြည် - လော့ဗူရီမြို့ဟောင်းတွင် တွေ့ရှိသည့် မွန်ဘာသာဖြစ် ရေးထိုးသောရှစ်မြောက်ကျောက်စာတိုင်ရှိမွန်အက္ခရာနှင့်မတူဘဲပြောင်းလဲလာသည်ကို တွေ့မြင်နိုင် လေသည်။ လော့ဗူရီမြို့ဟောင်းတွင်မွန်ဘာသာဖြင့် ရေးထိုးသော ကျောက်စာတိုင်သည် ခရစ်သက္က ရာဇ်ရှစ်ရာစုလောက်တွင် ရေးထိုးသောကျောက်စာဖြစ်သည်ဟု သုတေသီတို့ ကယူဆကြလေသည်။ ထို့ကြောင့်ငါးရာစုတွင် ရေးထိုးသောမွန်အက္ခရာနှင့် ရှစ်ရာစုတွင်ရေးထိုးသော မွန်အက္ခရာပြောင်းလဲ လာပုံကို ဇယား(၂)နှင့်(၃) ကို ကြည့်ခြင်းအားဖြင့် တွေ့မြင်နိုင်ပါသည်။ လော့ဗူမြို့ဟောင်းကျောက်စာတိုင်တွင်မွန်ဘာသာဖြင့်ရေးထိုးထားသည့်နည်းတူ လော နိုင်ငံ၊ ဝင်ရှင်းမြို့၌ တွေ့ရှိရသောကျောက်စာ တစ်ချပ်လည်း မွန်ဘာသာဖြင့် ရေးထိုးပြီး အက္ခရာ မှာလည်းလော့ဗူရီကျောက်စာရှိအက္ခရာနှင့် တူညီသည်ကိုတွေ့ရသဖြင့် လောနိုင်ငံနှင့် လော့ဗူရီဒေသ သည် မွန်တို့နေထိုင်လာခဲ့သော ဒေသဖြစ်သည်ဟု မှန်းဆနိုင်ပါသည်။ ထို့နောက် ခရစ်သက္ကရာဇ် (၁၁) ရာစုတွင် သထုံပြည်၌ မင်းပြုသော မနုဟာ (မကုဋ) မင်းလက်ထက်၊ သထုံ၌ မွန်ဘာသာဖြင့် ရေးထိုးသော ကျောက်စာများနှင့် ပုဂံပြည်၌မင်းပြုသော အနော်ရထာနှင့် ကျန်စစ်သားမင်းတို့လက်ထက် မွန်ဘာသာဖြင့် ရေးထိုးသော ကျောက်စာများရှိ မွန်အက္ခရာတို့သည် ဖရပထုံနှင့် လော့ဗူရီကျောက်စာများရှိ အက္ခရာတို့နှင့်မတူ တစ်ဖန်ပြောင်းလဲ လာပြန်သည်ကိုတွေ့မြင်နိုင်လေသည်။ ဇယား(၄) ပုဂံကျန်စစ်သားမင်း လက်ထက်တွင်မွန်စာပေကို ကျောက်တုံးကြီးများပေါ်တွင်ကမ္မည်းရေးထိုးခဲ့သည့်အပြင်အုတ်ခွက် ၊စဥ့်ချပ် ၊စဥ့်များတွင်လည်း ရေးထိုးခဲ့ပါသည်။ ၎င်းအပြင် ဂူဘုရားများအတွင်းရှိ နံရံများ၌ ပန်းချီဆေးရေးအောက်တွင်လည်း မင်စာအဖြစ် မွန်စာများကို ရေးထိုးထားသည်ကိုလည်း တွေ့မြင်နိုင်လေသည်။ ထို့ကြောင့် မွန်အက္ခရာသည် ဖရပထုံတွင်တစ်မျိုး၊ လော့ဗူရီတွင် တစ်မျိုးနှင့် သထုံ၊ ပဂုံခေတ်တွင်လည်း တစ်မျိုးစသည့်ဖြင့် ပြောင်းလဲလာသည်ကို တွေ့ရလေသည်။ ထို့ကဲ့သို့ မွန်စာပေကို ဖရပထုံခေတ်တွင် ခရစ်သက္ကရာဇ်ငါးရာစုမှစ၍ ရေးသားလာရာမှ ပုဂံခေတ် ခရစ်သက္ကရာဇ် (၁၁) ရာစု၊ ကျန်စစ်သားမင်း နတ်ရွာမစံမီအထိ မွန်ဘာသာစာကိုသာ ရေးသားကမ္မည်းထိုးသည်ကို တွေ့ရပြီး၊ မြန်မာဘာသာစာဖြင့် ရေးထိုးသောမြန်မာစာအရေးအသား ကိုမတွေ့ရသေးသည်ကို တွေ့မြင်ရလေသည်။ ကျန်စစ်သားမင်း နတ်ရွာစံခါနီးသားတော်ရာဇကုမာ မင်းသားက ဖခင်အတွက် ရွှေဘုရားကိုလှူပြီး ဂူဘုရားတွင် ဌာပနာသည့်အကြောင်း ပါဝင်သည့်မြ စေတီ(ရာဇကုမာ) မည်သော ကျောက်စာတွင်သာ မြန်မာဘာသာဖြင့် ရေးထိုးသောမြန်မာစာအရေး အသားကို ပထမဦးဆုံး တွေ့ရလေသည်။ ရာဇကုမာကျောက်စာတွင် မွန်၊ မြန်မာ၊ ပါဠိ၊ ပျူ ဘာသာလေးမျိုးဖြင့် ရေးထိုးထားသော ကျောက်စာဖြစ်သော်လည်း အသုံးပြုသော အက္ခရာမှာ မွန်အက္ခရာနှင့်ပျူအက္ခရာနှစ်မျိုးသာဖြစ်လေသည်။ မွန် - မြန်မာနှင့် ပါဠိဘာသာတို့ကို မွန်အက္ခရာ ဖြင့် ရေးထိုးပြီး ပျူဘာသာကို ပျူအက္ခရာဖြင့် ရေးထိုးထားလေသည်။ ထို့ကြောင့် မြန်မာဘာသာ စာပေဖြစ်ပေါ်လာရန်ပုဂံခေတ်တွင်ရေးထိုးနေသော မွန်အက္ခရာကို အသုံးပြုပြီးမြန်မာဘာသာစာပေ ကို စတင်ရေးသားကြောင်း တွေ့မြင်နိုင်လေသည်။ ရှင်စောပုနှင့်ဓမ္မစေတီမင်းလက်ထက် ရေးထိုးသောခေတ်လည် မွန်အက္ခရာနှင့်ယခုခေတ် မွန်အက္ခရာတို့သည်လည်းပြောင်းလဲလာသည်ကို တွေ့ရသော်လည်း ယခုဆောင်းပါရှည်သွားမည် စိုးသဖြင့် နောင်အလျည်းသင့်မှ တင်ပြပါတော့မည်။ မွန်ဘာသာစာကို ရေးရာတွင် ဖရပထုံခေတ်မှ ယခုခေတ်တိုင်သုံးစွဲသော “ၐ” ဗျည်း အက္ခရာ သည် အမှန်အားဖြင့် ပလ္လဝအက္ခရာမှ ယူခြင်းမဟုတ်ဘဲ ဗြဟ္မီအက္ခရာ “ ထ “ မှ ရယူသော အက္ခရာဖြစ်သည်ကိုတွေ့ရလေသည်။ဇယား(၄) တွင်တွေ့မြင်ရသော“ ဂ့” နှင့်“ၐ” ဗျည်း နှစ်လုံးသည် သ- အသံထွက်နီးနီးရှိပြီး ဖရပထုံနှင့် လော့ဗူရီမွန်ကျောက်စာများတွင်မတွေ့ရသော် လည်း ပုဂံခေတ်မွန်ကျောက်စာများတွင် အကြိမ်ပေါင်းများစွာ သုံးစွဲရေးသား ထားသည်ကိုတွေ့ရ လေသည်။ ထို့ကြောင့် ပုဂံခေတ်တွင် ရေးထိုးသောမွန်ဗျည်းအရ အတွက်မှာ(၃၅)လုံး မကဘဲ (၃၇) လုံးထိရှိသည်ဟု မှန်းဆရလေသည်။ အုတ်ခွက်စာဆိုသည်မှာ ရွှံစေးကိုအပြားလုပ်ပြီး အခြောက်လှန်း၊၎င်းမှတစ်ဆင့် မီးဖုတ်ပြီး အရောင်နီလာလျှင် မီးဖုတ်မြေပြား ဟု ဆိုနိုင်သည်။ ဤကဲ့သို့ ရွှံစေးပြားတစ်ဖက်တွင် ရုပ်များ ထုလုပ်ပြီးအနည်းငယ်ချိုင့်နေသည်ကတစ်ကြောင်း၊ မထုထွင်းရသော ကျောဘက်တွင် အနည်းငယ် ခုံးနေသည့်အတွက်ကြောင့် အုတ်ခွက်ဟုခေါ်ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် (Votive Tablet) ဟုခေါ်ဝေါ်သမုတ်ကြပြန်သည်။ ရှေးဗုဒ္ဓဘာသာကိုးကွယ်သည့် ပုဂ္ဂိုလ်တို့သည် စေတီဘုရားကြီးများကိုတည်ထားကိုးကွယ် သည့် အပြင်အထက်ဖော်ပြပါနည်းအတိုင်း ရွှံစေးပြားခြောက်များတွင် ဘုရားရုပ်ပုံနှင့်တကွ ဗုဒ္ဓ ဘာသာနှင့်သက်ဆိုင်သော အရုပ်များ ထုထွင်းပြီး မီးဖုတ်ပြီးလျှင် ကိုးကွယ်ပူဇော်လာသည်ကိုတွေ့ မြင်ခဲ့ရပါသည်။ ရုပ်အမျိုးမျိုးထုလုပ်သည့် အုတ်ခွက်အတိုင်းအတာပမာဏမှာ အချို့က တြိဂံပုံ၊ အချို့စတုရန်းပုံ၊ ပြုလုပ်ထားပြီး အနံလေးလက်မ၊ ငါးလက်မ၊ အရှည်ခြောက်လက်မ၊ ခုနှစ်လက်မ ဖြစ်ကြသည်။ တြိဂံပုံတွင်အချို့ညောင်ရွက်ပုံချွန်းထားသည်။ အကယ်၍တြိဂံပုံကဲ့သို့ပုံဆောင်နေလျှင် အောက်တစ်ဖက်တွင်တိုပြီး ကျန်နှစ်ဖက်တွင် အလျားတူအပေါ်ဘက်ချွန်းတက်လာပြီးအောက်ဘက် ပိုင်းထက် အလျားရှည်သည်။ အုတ်ခွက်များကို မဖုတ်ခင်တစ်ဖက်တွင် များသောအားဖြင့် ဘုရားရုပ်နှင့် ဘုရားနှင့်သက် ဆိုင်သောဗုဒ္ဓဝင်ရုပ်များကိုထုထွင်းထားကြသည်။ ကျန်တစ်ဖက်တွင်အချို့ကမ္မည်းစာရေးထိုးထား သည်လည်းရှိသည်။ အချို့ဘာမျှရေးသားထားခြင်းမရှိ၊ဗလာအတိဖြစ်နေသည်။ အကယ်၍အုတ်ခွက် ပေါ်တွင်ကမ္မည်းစာရေးထိုးထားခြင်းရှိလျှင်၎င်းစာကိုအုတ်ခွက်စာဟုခေါ်ပါသည်။ အချို့အုတ်ခွက်စာ ကိုကျောဘက်တွင် ရေးထိုးခြင်းမရှိ၊ ရုပ်ထုအောက်ပိုင်းအားလပ်သည့်နေရာတွင် ရေးထိုးထားသည်။ ဥမပ - ပလ္လပေါ်တွင် ဘုရားရှင်တင်ပျဉ်ခွေထိုင်နေလျှင် ၎င်းပလ္လအောက်၌ ကမ္မည်းစာရေးထိုး ထားသည်ကို တွေ့မြင်နိုင်သည်။ ပုဂံမြို့ရှိကျောက်ချပ်များတွင်ရေးထိုးထားသောမွန်ကျောက်စာများ၊ ပန်းချီရုပ်များအောက်ရှိ ရေးသားထားသော မွန်မှင်စာများ၊ ရုပ်ထုများဖြင့် ပြုလုပ်ထားသော စဉ်ချပ်အောင်ရှိ ရေးထိုးထား သောမွန်စာများကို စာဖတ်ပရိသတ်တို့ ကြားဖူးကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ သို့ သော် အထက်ဖော်ပြပါ အုတ်ခွက်ပေါ်တွင် ရေးသားထားသော မွန်စာများနှင့် ပတ်သက်၍ သိသူ အလွန်နည်းမည်ဟု ယုံကြည်သဖြင့် ဤစာတမ်းတွင်ရှင်းလင်းပြလိုပါသည်။ အုတ်ခွက်၌ ရေးသားထားသောစာလည်း ကျောက်စာနည်းတူ ရှေးဟောင်းသမိုင်းဝင် သက်သေသာဓက အထောက်အထားဖြစ်ပြီး သုတေသနဆရာများအတွက်အဖိုးဂ္ဃအလွန်ကြီးမား လှပါသည်။ အချို့သောအုတ်ခွက်များသည် စာရေးသားထားခြင်း မရှိသော်လည်း ထုထွင်းပြုလုပ် ထားသောရုပ်များ၊ ဥပမာ- ဘုရားရုပ်များမည်ကဲ့သို့ပြုလုပ်ထာသည်ကိုမည်သည့်ခေတ်ဖြစ်ကြောင်း ကို ခွဲခြားသိနိုင်ပါသည်။ မီးဖုတ်အုတ်ခွက်များကို တွေ့မြင်ပြီးမည်သည့်အချိန်၊ မည်သည့်ခေတ် မည်သည့်ပုဂ္ဂိုလ် ပြုလုပ်ထားသည်ကို မှန်းဆနိုင်သည်။ မည်သည့်နေရာမှ အုတ်ခွက်ကို ရသည်ကိုသိလျှင် ၎င်းနေရာ တွင်မည်သည့်လူမျိုး၊မည်သည့်ဘုရင်စိုးစံလာခဲ့သည်ကိုတွက်ချက်မှန်းဆသိနိုင်လေသည်။ အကယ်၍ ကမ္မည်းစာပါရေးထိုးထားလျှင် ဘယ်ခေတ်၊ ဘယ်အချိန်၊ မည်သူအုပ်ချုပ်မင်းလုပ်နေထိုင်လာသည် ကို သေချာဂဏသိရှိနိုင်ပါသည်။ ကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရှေးယခင်က ဘုရားရုပ်ပါသောအုတ်ခွက်ကို ပူဇော်လာသည်မှာပျူလူမျိုးတစ်မျိုးလည်းပါဝင်သည်။ ပျူလူမျိုးတို့သည်ပြည်မြို့ဘက် (သရေခေတ္တ ရာ) ဒေသတွင် တစ်နေရာ၊ မြန်မာပြည်မြောက်ဘက် (ဟန်လင်း) ဒေသတွင်တစ်နေရာ၊ပေါင်းနှစ် နေရာတွင်မြို့ပြတည်ထောင်ကာမင်းလုပ်အုပ်ချုပ်သည်ဟုသုတေသနဆရာတို့ ကဆိုလေသည်။ ပျူလူမျိုးတို့ မကွယ်ပျောက်မီ မြို့ပြတည်ထောင်ပြီး မင်းလုပ်အုပ်ချုပ်လာသည်မှာ သာ သနာသက္ကရာဇ် (၇၀၀ မှ ၁၄၀၀) (အေဒီ၊ ၂၀၀ မှ ၉၀၀) ထိဖြစ်သည်။ ပြည်မြို့ဘက် (သရေခေတ္တရာ)ဒေသတွင် သုတေသီတို့တူးဖော်ရာတွင် ရွှေ၊ ငွေ၊ ကြေး ဖြင့်ပြုလုပ်ထားသော ရှေးဟောင်းရုပ်ပွားတော်များ၊ကမ္မည်းရေးထိုးထားသော ရွှေပုရပိုဒ်ပေါ်များအပြင် အုတ်ခွက်ဖြင့်ပြုလုပ် ထားသော ရုပ်ပွားတော်များကိုလည်းတွေ့ရှိလေသည်။ရွှေပုရပိုဒ်ပေါ်တွင်ပျူအက္ခရာဖြင့် ပါဋိဘာသာ ယေဓမ္မာဂါထာ ကို ရေးသားထားသည်ကိုတွေ့ရပြီး အုတ်ခွက်များတွင် ပျူအက္ခရာဖြင့်ပျူဘာသာ စာများကိုရေးသားထားသည်ကိုလည်းတွေ့ရလေသည်။ ရေးသားထားသော စာကိုသော်လည်းကောင်း၊ ထုထွင်းပြုလုပ်ထားသော ရုပ်ပွားတော်များ ကိုသော်လည်းကောင်း သုတေသနဆရာတို့က လေ့လာပြီး နောက်ပျူလူမျိုးတို့သည် သာသနာ သက္ကရာဇ် (၁၁၀၀) (အေဒီ ၆၀၀) လောက်မှစ၍ ပျူစာကို စတင်ရေးသားသည်ဟု ယူဆခဲ့ကြပါ သည်။ ပျူလူမျိုးတို့သည် မွန်လူမျိုးတို့နည်းတူ ၎င်းတို့၏ စာကိုရေးသားလာသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း (၁၅၀၀) လောက်ကဖြစ်ပါသည်။ လူမျိုးတစ်မျိုးသည် ဘာသာစာပေကို ရေးသားနိုင်ရန် ပထမအက္ခရာစာလုံးကို ရှာရပါ သည်။ ဥပမာ -- ပျူလူမျိုး၊ ပျူစာကို မရေးမီဝေါဟာရစကားလောသာရှိပြီး အက္ခရာရပြီးမှ စာကို ရေးလာနိုင်သည်။ တူးဖော်ရရှိထားသောပစ္စည်းဟောင်းများကို ကြည့်လျှင် ပြည် (သရေခေတ္တရာ) ပျူတို့အက္ခရာရပြီး ပျူဘာသာစာနှင့် ပါဠိဘာသာစာများကို ရေးသားထားသည်ကို တွေ့မြင်ရပါ သည်။ သုတေသနဆရာတို့အဆိုအရ ပျူအက္ခရာသည် အိန္ဒိယတောင်ပိုင်း ကဒမ္ဗအက္ခရာမှ ဆင်း သက်လာကြောင်း အဆိုရှိခဲ့သည်။ အုတ်ခွက်များသည် များသောအားဖြင့် ဘုရားရုပ်ထုထွင်းပြုလုပ်ထားပြီး အကယ်၍စာရေး သားထားခြင်းရှိလျှင်အုတ်ခွက်ပြုလုပ်သူအလှူရှင်၏ အမည်ကိုသာရေးသားထားသည်။ ရှေးဟောင်း မြေမီးဖုတ်အုတ်ခွက်တွင် မြတ်စွာဘုရားရုပ်ပုံနှင့်ရေးသားထားသောစာများသည် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သောစာများ ဖြစ်သဖြင့် ပျူလူမျိုးသည် မွန်လူမျိုးနည်းတူးဗုဒ္ဓဘာသာကိုကိုးကွယ်ကြသည် ကို သိရပါသည်။ ပျူမျိုးများကဲ့သို့ မွန်လူမျိုးများလည်း အုတ်ခွက်ပြုလုပ်ပြီး ပူဇော်လာသည်ကို တွေ့မြင်နိုင်ပါသည်။ မွန်လူမျိုးတို့သည် သုဝဏ္ဏဘူမိ သထုံဒေသတွင် ထင်ရှားကျော်ကြားစဉ်ကာလမှစပြီး အုတ်ခွက်ကိုစတင်ပြုလုပ်လာသည်ဟု ဆိုနိုင်ပါသည်။ သို့သော် အုတ်ခွက်တွင် မွန်စာကိုစတင်ရေး သားလာသည်မှာ မွန်အက္ခရာရပြီးမှ ရေးသားခြင်းဖြစ်သည်ဟု မှန်းဆနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် မွန်လူမျိုးတို့သည် သာသနာသက္ကရာဇ် (၉၀၀ ) (အေဒီ - ၄၀၀) လောက်မှ ပလ္လဝလူမျိုး ထံမှ အက္ခရာရပြီး စာအစပျိုး ရေးသားလာသည်ကို တွေ့မြင်ရလေသည်။ မွန်လူမျိုးသည် မဇ္ဈိမဒေသအိန္ဒိယနိုင်ငံတွင် ဘုရားပွင့်တော်မူပြီး မကြာမီတွင် မြတ်စွာဘုရား ကို ဖူးမြှော်ခဲ့ရပြီး ဗုဒ္ဓဘာသာကိုဆည်းကပ်ကိုးကွယ်လာသည့် လူမျိုးတစ်မျိုးဖြစ်ပါသည်။ နောက်တစ် ဖန်မြတ်စွာဘုရားရှစ်ဝါမြောက်တွင် သုဝဏ္ဏဘူမိ သထုံဒေသသို့ ဒေသစာရီကြွချီလာပြီး မွန်လူမျိုးများ အား ပထမဗွေဆော်ဦးတရားအမြိုက်ရေအေးတိုက်ကျွေးခဲ့သောကြောင့် မွန်မြန်မာနိုင်ငံတွင်သာသနာ အစ မွန်တို့ဒေသသုဝဏ္ဏဘူမိကဟူ၍ ဆိုစမှတ်ပြုလာကြသည်။ မွန်လူမျိုးတို့သည် အက္ခရာစာလုံးမရမီ ဘုရားကိုလည်းဖူးရသည်။ တရားကိုလည်း နာရ သည်။ မြေမီးဖုတ်အုတ်ခွက်တို့ကို ပြုလုပ်ပြီး ပူဇော်လာသည်ဟူ၍လည်း ဆိုနိုင်ပေသည်။ အက္ခရာ စာလုံးရပြီးကာလ အုတ်ခွက်တွင် ဘုရားရုပ်ထုပြုလုပ်သည့်အပြင် နောက်ကျောဘက်တွင်လည်း မွန် ကမ္မည်းစာများ ရေးထိုးထားသည်ကို တွေ့ရပြန်လေသည်။ မွန်တို့ အုတ်ခွက်ပြုလုပ်ပြီးပူဇော်လာသော်လည်းသုဝဏ္ဏဘူမိသထုံဒေသဘက်တွင်အုတ်ခွက် ပေါ်ထွက်လာသည်မှာ အလွန်နည်းသည်ကို သိရပြန်သည်။ အကယ်၍ (သရေခေတ္တရာ) ဘက်နှင့် နှိုင်းယှဉ်ကြည့်လျှင် သုဝဏ္ဏဘူမိသထုံဘက်မှ ပေါ်ထွက်လာသည့် အရေအတွက်မှာ အလွန်နည်းပါ သည်။ သို့သော် ကျောက် ပြား ပေါ် တွင် ရေး သား ထာသည့်ကျောက်စာအရေးအတွက်ကား (သရေခေတ္တရာ) ထက်များပြားသည်ကို သိရလေသည်။ သုဝဏ္ဏဘူမိသထုံဘက်တွင် ပေါ်ထွက်လာ သော အုတ်ခွက်များ နည်းရသည်မှာ ရာသီဥတု၏ ဘေးဒဏ်ကြောင့် ပျက်စီးသွားသည်ဟုလည်း ဆိုနိုင်ပါသည်။ သုတေသနဆရာတို့၏ တွေ့ရှိချက်အရ သုဝဏ္ဏဘူမိသထုံဒေသတွင် သထုံဝတ်ဘုရားစေတီ တွင် အုတ်ခွက်တစ်ခုနှင့် ဘာအံမြို့အနီး ဘင်ဂျီဂူတွင် အုတ်ခွက်တစ်ခု ပေါင်းနှစ်ခုပေါ်ထွက်လာ ၁။ သထုံဝတ်ဘုရားစေတီမှ ပေါ်ထွက်လာသည့်အုတ်ခွက်မှာ တစ်ဖက်တွင်ဘုရား တင်ပျဉ်ခွေရုပ်ထုလုပ်ထားပြီးပလ္လင်အောက်တွင်ရှေးဟောင်းမွန်စာကြောင်းရေးထိုး ထားသည်မှာ…. (က) ကျက်ကလန်ဖ႘မက (ခ) နံ္တဗောယ်မိဒသ်ကျက် ရှေးဟောင်းမွန်စာကို ယခုခေတ်မွန်စာနှင့် အဓိပ္ပယ်ပြန်လျှင် “ပူဂုႝမဳှံယၜဳကလန္ပ႘ ကေၜာန် စွံလဝ်ကျာ်ဂွံဂှ် ဟိုက်နုမိက်ဂွံဒှ်ကျာ်ရ ကန္တံ အဓိပ္ပယ်မှာ ပြုလုပ်သည်ဖြစ် သည်။ မြန်မာဘာသာအဓိပ္ပယ်မှာ ကလွန်ပီအမည်ရှိသော ပုဂ္ဂိုယ်သည် ဘုရားရုပ်ထု ပြုလုပ်ရသောကုသိုလ်ကောင်းမူ့ကြောင့်ဘုရားဖြစ်ရပါလို၏”ဟုဘုရားဆုပန်ခြင်းဖြစ် သည်။့  ဘင်ဂျီဂူမှပေါ်ထွက်လာသောအုတ်ခွက်သည် တစ်ဖက်ရှိဘုရားတင်ပျဉ်ခွေရုပ်မှ သထုံ မြို့မှ ရရှိသော အုတ်ခွက်ဘုရားနည်းတူ ဖြစ်ပါသည်။ အုတ်ခွက်ကျောဘက်တွင် ရေးသားထားခြင်းလုံးဝမရှိပါ။ သို့သော်လည်းဘုရားရုပ်ထုဘက်ရှိ ပလ္လင်အောက်တွင် ရှေးဟောင်းစာနှစ်ကြောင်းရေးသားထားသည်ကို သုတေသနဆရာတို့က တွေ့ မြင်ခဲ့ရသည်။ ရေးသားထားသောစာမှာ အုတ်ခွက်ဆွေးမြေ့သည့်အတွက် သိပ်မထင်ရှားတောပါ။ သို့သော်သုတေသနဆရာတို့အဆိုအရ နာဂရီအက္ခရာနှင့် ပါဠိဘာသာဖြင့် “ ယေဓမ္မာဂါထာ “ ကို ရေးသားထားကြောင်း သိရလေသည်။ နာဂရီအက္ခရာဆိုသည်မှာ ဗြာဟ္မီအက္ခရာမှ ဆင်းသက်လာသည်။ ဗြာဟ္မီအက္ခရာ သည် အိန္ဒိယနိုင်ငံသို့ ရှေးဦးအစရောက်လာသော အက္ခရာဖြစ်ပြီး ၎င်းမှတစ်ဆင့် လူမျိုးအသီးသီး ဂုပ္တ- ကဒမ္ပ - ပလ္လဝ စသည်တို့က ၎င်းတို့အလိုကျ ပြုပြင်ကြပြီး မိမိတို့ဘာသာစာကိုရေးသားလာခဲ့ကြ ပါသည်။ အထက်ဖော်ပြပါအတိုင်း ပျူလူမျိုးသည် ကဒမ္ပအက္ခရာကိုယူပြီး မွန်တို့သည် ပလ္လဝလူမျိုး အက္ခရာကို ရယူခဲ့ပါသည်။ မွန်အက္ခရာ၊ ပျူအက္ခရာနည်းတူ နာဂရီအက္ခရာလည်း ဗြာဟ္မီအက္ခရာမှ ပေါက်ပွားလာသော အက္ခရာဖြစ်သည်။ ဗြာဟ္မီအက္ခရာကို ရှင်းရမည်ဆိုလျှင် ဗြာဟ္မီအက္ခရာသည် အိန္ဒိယနိုင်ငံတွင်းသို့ ရှေးဦးမဆွ ပထမဝင်ရောက်လာပြီး ဗြာဟ္မီအက္ခရာဖြင့် စာရေးသားသည့် ဘုရင်သည် သီရိဓမ္မာသောက ဘုရင်ပင်ဖြစ်သည်။ သို့သော် ၎င်းရေးသားသောဘာသာမှာ သက္ကတ ဘာသာဖြစ်သည်။ ထို့ ကြောင့် သီရိဓမ္မာသောကမင်း သာသနာသက္ကရာဇ် ( ၂၀၀ - ၃၀၀ ) တွင် သက္ကတ ဘာသာကို ဗြာဟ္မီအက္ခရာဖြင့် ပထမဦးဆုံးရေးသားခဲ့သည်ကို သိရပါသည်။ ဗြာဟ္မီအက္ခရာပေါ်ပေါက်လာပြီးမှ အိန္ဒိယနိုင်ငံတွင်းရှိ လူမျိုးအသီးသီးတို့က ဗြာဟ္မီအက္ခရာကိုယူပြီး ပြန်လည်မွမ်းမံပြင်ဆင်ကာ ၎င်း တို့ ၏ ဘာသာသို့ အသွင်းကူးပြောင်း ရေးသားလာကြကုန်၏။ သုဝဏ္ဏဘူမိသထုံဒေသမှ အုတ်ခွက်များ ပေါ်ထွက်လာသည်မှာ နည်းသော်လည်း ပြည်မြို့ (သရေခေတ္တရာ) ဒေသတွင် ပေါ်ထွက်လာသကဲ့သို့ မြန်မာနိုင်ငံမြောက်ပိုင်း ၊ ပုဂံမြို့ဝန်းကျင်တွင် လည်း အုတ်ခွက်များကို မြောက်မြားစွာတွေ့ရှိခဲ့ပါသည်။ ပုဂံဝန်းကျင်မှ ပေါ်ထွက်လာသော အုတ်ခွက်များသည် အနော်ရထာမင်းလက်ထက်တွင် ပြုလုပ်ထားသည်ကိုသိရပြန်သည်။ အနော်ရထာမင်းသည် ဗုဒ္ဓတရားတော်ကို သက်ဝင်ယုံကြည်ပြီး သည့်နောက်ဗုဒ္ဓဘာသာကိုးကွယ်သောသူများအတွက် ပူဇော်ရန်အလို့ငှာအုတ်ခွက်တွင်ဘုရားရုပ်ထု ထုထွင်းပြုလုပ်လာခဲ့သည်ကို တွေ့မြင်ရပါသည်။ ကျန်စစ်သားမင်းကဲ့သို့ ကျောက်စာ၊မင်စာရေးထိုး ထားခြင်းကို မတွေ့ရပေ။ အနော်ရထာမင်းသည် ရွှေစည်းခုံစေတီတော်ကို ပထမဆုံး တည်ထောင်ခဲ့ သော်လည်း ရွှေစည်းခုံဘုရားသမိုင်းကျောက်စာကို မရေးထိုးနိုင်သည်ကိုလည်း တွေ့ရလေသည်။ အနော်ရထာမင်းလက်ထက်တွင် ကျန်စစ်သားမင်းလက်ထက်ကဲ့သို့ ကျောက်ပြားပေါ်တွင် ရေးသားထားသည်ကိုမတွေ့ရပါ။ ကျန်စစ်သားမင်းလက်ထက်တွင် ရေးသားထားသောစာများသည် မွန်အက္ခရာဖြင့် မွန်ဘာသာကိုသာ ရေးသားသုံးစွဲထားသည်ကို ပုဂံညောင်ဦးဒေသရှိ ကျောက်စာ ဟောင်းများက သက်သေသာဓက ထူပြနေသည်ကို တွေ့ရလေသည်။ မြန်မာဘာသာစာသည် ကျန်စစ်သားမင်းနတ်ရွာမစံမီအချိန်မှစ၍ မွန်အက္ခရာကိုယူပြီး မြန်မာဘာသာစာကို ရေးသားလာသည်ကိုသိရလေသည်။း အနော်ရထာမင်းလက်ထက်အုတ်ခွက်တွင် ရေးသားထားသော စာသည် မွန်အက္ခရာဖြင့်မွန် ဘာသာစာကို ရေးသားထားသည်ကို တွေ့မြင်ရလေသည်။ မွန်ဘာသာအပြင် နာဂရီအက္ခရာဖြင့် သက္ကတ ဘာသာကို ရေးသားထားသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ သုတေသီတို့ရရှိသမျှ အုတ်ခွက်များအနက်နျားသောအားဖြင့် အနော်ရထာမင်းကိုယ်တော်တိုင် စီမံပြုလုပ်ထားပြီး နိဗ္ဗန် ဆုကို ရလိုကြောင်း ရေးသားထားသော အုတ်ခွက်များမှာ - ၁။ အုတ်ခွက်တစ်ဖက်တွင် ဘုရားရုပ်ထု လုပ်ထားပြီး ဘုရားပလ္လင်အောက်၌ မွန်အက္ခရာ ဖြင့် ပါဠိဘာသာစာသုံးကြောင်း ရေးသားထားသော အုတ်ခွက်တစ်ခု ၊ ၂။ နောက်အုတ်ခွက်တစ်ခုတွင် ဘုရားရုပ်ထုလုပ်ထားပြီး အထက်ဖော်ပြပါနည်းတူ ဘုရားပလ္လင်အောက်၌ နာဂရီအက္ခရာကိုယူပြီး သက္ကတ ဘာသာဖြင့်ရေးသားထား သော အုတ်ခွက်တစ်ခု ၊ မွန်အက္ခရာဖြင့် ပါဠိဘာသာရေးသားထားခြင်း၊ နာဂရီအက္ခရာဖြင့် သက္ကတ ဘာသာ ရေးသားထားခြင်း နှစ်ရပ်လုံး၏ အဓိပ္ပယ်မှာ - ဤဘုရားရုပ်ထုသည် အနုရုဒ္ဓအမည်ရှိ (အနော်ရထာမင်း) ကိုယ်တော်တိုင် ပြုလုပ်ထားပြီး ထိုကောင်းမူ့ကုသိုလ်ကြောင့် သုခချမ်းသာအမှန်ပြည်နိဗ္ဗန်ကို ရပါစေ ဟု ဆုပန်ထားသည်။ ၃။ နောက်အုတ်ခွက်စာတစ်ခုမှာ မိုးမိတ်မြို့ ၊ ရွှေဇာလီဘုရား တွေ့ရှိပြီးထိုစာကို ဖတ်ရှုခြင်းဖြင့် အနော်ရထာမင်းကိုယ်တိုင် ပြုလုပ်ထားသည်ကို တွေ့မြင်ရအြန်သည်။ ၎င်းအုတ်ခွက်ပေါ်တွင် ရေးသားထားသော မွန်စာလေးကြောင်းမှာ အောက်ပါအတိုင်း ဖြစ်သည် - ဝေါ်အ်ကျာက်အ နိရုဒ္ဓဒေဝ - ဂှသိၜင် ဇု မ်နောက် မလါတ် နတေယ်ကုံမ် ၄။ မိုးမိတ်မြို့မှ အုတ်ခွက်နည်းတူ ကလေးမြို့တွင်လည်း အုတ်ခွက်တစ်ခုကိုတွေ့ရှိရပြန်ပါသည် (အောက်ပုံ) THE GREAT MYANMAR KING ANAWRAHTASMON INCRIPTIONS ON TOW VOTIVE TABLETS. မြန်မာဘာသာအဓိပ္ပယ်မှာ ဤဘုရားသည် အနိရုဒ္ဓဒေဝ အမည်ရှိအနော်ရထာမင်းကြီး သည် သူ၏လက်ဖြင့် ပြုလုပ်ထားပါသည် လါတ် ဆိုသော သကားလုံးအဓပ္ပယ်မှာ ပြုလုပ်သည် ဟူသော ရှေးဟောင်းမွန်တို့၏ ဝေါ်ဟာရဖြစ်သည်။ အနော်ရထာမင်းလုပ် အုတ်ခွက်အပြင် သူ၏မိဘုရားအမတ် သူရဲကောင်များလည်း ပြုလုပ် ပြီး မွန်အက္ခရာကို အသုံးပြုရေးသားထားသည်ကို တွေ့မြင်နိုင်သည်။ ဥပမာ - ၁။ ဝေါ်အ် ဗုဒ္ဓရုပ် နိအ်ကျာက် စိအ်ပေဟ် အဓိပ္ပယ် - ဤဘုရားရုပ်သည် စိပေအမည်ရှိ မိဖုရားပြုလုပ်သည်။ ၂။ ကျာ်ကြပ်မင် ယသ်မလါတ် အဓိပ္ပယ် - မင်ယသ်အမည်ရှိသော အမါတ်ပြုလုပ်ထားသည့်ဘုရား။ ကြပ်ဟူသော အဓိပ္ပယ်မှာ မင်း ၊ အမါတ် ၊ သူရဲကောင်းဖြစ်သည်။ ၃။ ကျန်စစ်သားမင်းလက်ထက်ဘုရားရုပ်တစ်ဖက်နှင့် ကျောဘက်စာသားပါသော အုတ် ခွက်စာသည် ထားဝယ်မြို့မုထီးဘုရွာ မုထီးဘုရားအနီးမှ ပေါ်ထွက်လာသည့်ကျော ဘက်ပါသောစာသည် အောက်ပါအတိုင်းဖြစ်သည် - ကျာက်ဗုဒ္ဓတလဵဝေါအ် ဍိက်တိအ်ပေါယ်ဂှသိၜန်တြ႘တြိ ဘောဝနာဒိတျဓမ္မရာဇ် - သမ္ဗေင်အာန န္တဇေယျဘိကြာန် - မမင်ဒဝါယ်မလ တ် - ကာလ္တ႘လဵဒသ္က်ာ္စိ သြဝ် - ဧယ်ဍိက် ဂေါအ်ဒသ်အရှ န်တွာသ် - တိလဵအ်။ အဓိပ္ပယ်မှာ ကျန်စစ်သားမင်း၏ကျွန်တော်ထားဝယ်မြို့ စားအနန္တဇေယျဘိကြာန်မင်း ပြုလုပ်သောဘုရားဖြစ်သည်။ကျွန်ုပ်၏ အရှင်သခင် ကျန်စစ်သားမင်းဘုရားဖြစ်သည် ရှိသော် ကျွန်ုပ်သည် ဘုရား၏တပည့်ရဟန္တာဖြစ်ပါစေသား ဟူ၍ ဆုတောင်းထားပါ သည်။ အနော်ရထာမင်းလက်ထက် အုတ်ခွက်စာကို ကြည့်ခြင်းအားဖြင့် မွန်အက္ခရာနာဂရီအက္ခရာ နှစ်မျိုးစလုံး အသုံးပြုထားပြီး သက္ကတ ဘာသာ၊ ပါဠိဘာသာနှင့် မွန်ဘာသာတို့ဖြင့် ရေးသား ထားခြင်းဖြစ်သည်။ အနော်ရထာမင်း လက်ထက်တွင် ပျူအက္ခရာကို အသုံးပြုပြီးရေးသားထားခြင်း ကို မတွေ့ရပါ။ ကျန်စစ်သားမင်းလက်ထက်တွင်လည်း မွန်အက္ခရာကိုယူပြီး မွန်ဘာသာဖြင့် ရေးသားထား သည်ကို တွေ့ ရပြန်သည်။ အနော်ရထာမင်းလက်ထက်နှင့် ကျန်စစ်သားမင်းတို့လက်ထက် မြန်မာ ဘာသာဖြင့် ရေးသားထားသော စာမပေါ်ထွက်သေးပါ။ ကျန်စစ်သားမင်းနတ်ရွာစံလွန်ပြီးမှ မွန်အက္ခရာယူပြီး မြန်မာဘာသာဖြင့် အသုံးပြုရေးသားလာသည်မှာ ယနေ့တိုင်ဖြစ်သည်။ အုတ်ခွက်စာသည် ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအပြင် ယခု ယိုးဒယားပြည် တောင်ပိုင်းရှိ ယခင် - ဒွါရဝတီနိုင်ငံ၌လည်း ပေါ်ထွက်လာည်ကို တွေ့ရလေသည်။ ဒွါရဝတီ နိုင်ငံသည်မွန်တို့ မင်းလုပ်အုပ်ချုပ်ခဲ့သောနိုင်ငံဖြစ်သည်။ ထို့ဒေသမှတွေ့မြင်ခဲ့ရသောအုတ်ခွက်တို့ သည် ရှေးဟောင်းအကျဆုံးသောမွန် အုတ်ခွက်စာများဖြစ်နေလေသည်။ ထိုအုတ်ခွက်ပေါ်တွင် ဘုရားရုပ်ထုပြုလုပ်ထားသော လက်ရာကိုလည်းကောင်း၊ ရေးသားထားသောမွန်စာကိုလည်းကောင်း ထောက်ရှုကြည့်ခြင်းအားဖြင့် ထိုအုတ်ခွက်စာသည် လွန်ခဲ့သည် သာသနာသက္ကရာဇ် (၁၀၀၀ မှ ၁၆၀၀) (အေဒီ ၅၀၀ - ၁၁၀၀) အတွင်ရေးသားပြုလုပ်ထားသည်ဟု သုတေသနဆရာတို့က မှတ်ချက်ချခဲ့ကြသည်။ တစ်နည်းအာဖြင့်ယိုးဒယားနိုင်ငံတောင်ပိုင်းတွင် မွန်တို့မြို့ပြတည်းထောင်ပြီးမင်းလုပ်အုပ် ချုပ်လာခဲ့သည်မှာ သာသနာသက္ကရာဇ် ၁၆၀၀ ( အေဒီ - ၁၁၀၀) ထိဟုဆိုနိုင်ပါသည်။ ဘုရားရုပ်ထုထွင်းထားပြီးကမ္မည်းစာရေးထိုးသောအုတ်ခွက်တို့သည်ရှေးဟောင်းကျောက်စာ နည်းတူသုတေသနဆရာတို့နှင့်သမိုင်းပြုစုသူတို့အတွက် များစွာအထောက်အကူပြုသည်။ မည်သည့် ဒေသတွင်မည်သည့်ကာလမည်သည့်လူမျိုးနေထိုင်လာသည်ကို သိစွမ်းနိုင်သည်။ ဆုံးဖြတ်နိုင်သည်။ သူတို့အဖို့ သက်သေသာဓကမှတ်ကျောက်သဖွယ်ဖြစ်ပြီး အဖိုးအနဂ္ဃအလွန်ကြီးမာလှပေသည်။ မွန်လူမျိုးအဖို့လည်း ပျောက်ဆုံးနေသော မွန်သမိုင်းကို ဖော်ထုတ်လာနိုင်သဖြင့် အလွန် အ လွန် ဂုဏ်ကျေးဇူးကြီးမာလှပေသည်။ ထို့ကြောင့် ရှေးဟောင်းဘုရားရုပ်ပွားတော်များကိုသော်လည်းကောင်း၊ ရှေးဟောင်းပစ္စည်း များကိုသော်လည်းကောင်း၊ ရှေးဟောင်းပေစာပုရပိုဒ်များကိုသ်ေလည်းကောင်း ၊ တွေ့ရှိပါက ၎င်းတို့သည် သမိုင်းအတွက်အထောက်အကူပြုသောအရာများဖြစ်သောကြောင့်ကောင်းမွန်စွာသိမ်း ဆည်းထားပြီး ရှေးဟောင်းပစ္စည်းများကို လေ့လာသုတေသနပြုသော ပညာရှင်များထံပြသအပ်နှံကြ ရန် တိုက်တွန်းရင်းနိဂုံးချုပ်အပ်ပါသည်။ နိုင်ထွန်းသိန်း ကျမ်းကိုးစာရင်း ၁။ The siam Society Newsletter Vo1,5 .NO. I . 1989 march ၂။ အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီရခိုင်ပြည်သုံး အက္ခရာဦးစံသာအောင်၊ ၁၉၇၄ခု၊ နိုဝင်ဘာလ

မွန်တို့သမိုင်း အပိုင်း ၄ (ဓလေ့ထုံးစံ)

မွန်တို့သည် မွန်ခမာလူမျိုးအနေဖြင့် ယန်စီကျန်မြစ်ဝှမ်းတွင် နေထိုင်စဉ်ကတည်က မိမိ တို့ ကိုယ်ပိုင်ယဉ်ကျေးမူနှင့် နေလာခဲ့သူများ ဖြစ်လေသည်။ ယန်စီကျန်မြစ်ဝှမ်းမှ ထိုင်းနိုင်ငံတောင် ပိုင်းနှင့် မြန်မာပြည်အောက်ပိုင်းတွင် အခြေချနေထိုင်သောအခါတွင်လည်း အိန္ဒိယတိုင်းရင်းသား ကုန်သည်မျာှးင့် ထိတွေ့ပြီး အိန္ဒိယယဉ်ကျေးမူကိုလည်း မိမိကိုယ်ပိုင်ယဉ်ကျေးမူနှင့် သင်လျော်သ လို ပြင်ဆင်လက်ခံ၍ ကိုယ်ပိုင်ယဉ်ကျေးမူအဖြစ်သို့ပြောင်းလဲယူကြကုန်၏။ မွန်တို့သည်ထိုအိန္ဒိယ တိုင်းရင်းသား လူမျိုးများထံမှ ဟိန္ဓူဘာသာအယူဝါဒ၊ စာရေးသားသည့်အတတ်၊ အုပ်ချုပ်မှူ နှင့် နေ ထိုင်ဝတ်ဆင်ဆက်ခံမူများ စသော အလေ့အထများကို ရရှိကြလေသည်။နောက်ပိုင်တွင်ဗုဒ္ဓဘာသာ အယူဝါဒကို ရရှိပြန်လေသည်။ မွန်တို့သည် အခြားသောရှေးဟောင်း လူမျိုးများနည်းတူ လက်ဦးအစတွင် ကိုးကွယ်ယုံ ကြည်မူ၌ သဘာဝတရား၏ ထူးခြားချက် အံ့ဖွယ်အချက်အလက်များကို ကြောက်ရွံ့ကြသဖြင့် နတ် ကိုးကွယ်မူကို ယုံကြည်ခဲ့ကြသည်။ ထို့နောက်မှ ဟိန္ဓူဘာသာအယူဝါဒနှင့် ဗုဒ္ဓအယူဝါဒများကို ဆက်လက် လက်ခံလာကြသည်။ ဗုဒ္ဓအယူဝါဒကို လေးလေးနက်နက် လက်ခံယုံကြည်ကြသောလည်း အချို့မွန်တို့သည် နတ်ကိုးကွယ်မူကို ယခုတိုင်ဆက်လက် ဆက်ခံလျက်ရှိသည်ကို တွေ့ရလေသည်။ ထို့ကြောင့်အချို့ မွန်တို့သည် ပဋိသန္ဒေတည်စအချိန်တွင်၊ ကင်ပွန်တပ်ရာတွင်၊ လူပျိုဝင်ချိန်များတွင် နတ်တို့က ကြည့်ရှစောင့်ရှောက်ရန် နတ်တို့အား ပူဇော်ပွဲကို ပြုလုပ်ကြလေသည်။ မမာမကျန်းဖြစ်ပေါ်လာ သောအခါတွင်လည်း နတ်တို့က ကူညီကုသပေးရန် နတ်ကခြင်းအမူကိုလည်း ပြုလုပ်ကြလေ သည်။ မွန်လူမျိုးတို့ကိုအုပ်စုသုံးခုခွဲပြီးမွန်ဒိုင် ၊ မွန်ဒ ၊ မွန်ည ဟူ၍ ခေါ်ဆိုကာ မွန်ဒိုင်မှာဒဂုံ ဟံသာဝတီတွင် နေထိုင်သောမွန်ဖြစ်ပြီး ကိုးကွယ်သောနတ်မှာ အုန်းသီးနတ်ဟူ၍ သတ်မှတ်ကြ လေသည်။ မွန်ဒ မှာပုသိမ်မြို့တွင်နေထိုင်သူများ ဖြစ်ကြပြီး နတ်အဝတ်အစားကို သိမ်းဆည်းထား ပြီး ကိုးကွယ်သူများဟု ဆိုလေသည်။ မွန်ည အုပ်စုမှာ မုတ္တမ ဒေသတွင်နေပြီး နတ်အိမ်ဆောက် နတ်ကိုးကွယ်သော သူများဟု သတ်မှတ်ကြလေသည်။ အုပ်စုသုံးစုလုံးမှ မွန်တို့သည်မိမိတို့နတ်များကို ကိုးကွယ်သည့်အလျောက်နတ်ကသောအ ခါတွင်လည်း အတူတူလောက်ပင်ကကြသည်ကိုတွေ့ရသည်။ မွန်နတ်ပွဲတွင် အနည်းဆုံးနတ်အမျိုး (၃၀)လောက်ရှိလေည်။ အချို့နတ်ပွဲအမျိုးပေါင်း (၁၀၀) အထိနတ်များလည်း ရှိသည်ဟုဆိုလေ သည်။ နတ်ဆိုင်းတီးရာတွင်လည်း နတ်တစ်မျိုးနှင့် တစ်မျိုးမတူသကဲ့သို့ ဆိုင်းတီးလုံး တီးကွက် မှာလည်း မတူသည်ကို တွေ့ရလေသည်။ နတ်တစ်မျိုးအတွက် ဆိုင်းတစ်မျိုးတီးပေးရသည်ဟု ဆို လိုသည်။ မွန်ပုံပြင်တွင် တွေ့ရှိရသော ဦးရှင်ကြီး (နဲာဒကောင်ပိုန်) နတ်နှင့် ပဲခူး ဟံသာဝတီသမိုင် တွင် တွေ့ရှိရသော နံကရိုင်းနတ်တို့သည် မွန်နတ်များပင်ဖြစ်သော်လည်း ယခုအချိန်တွင် မြန်မာ တစ်ပြည်လုံးလောက်တွင် ကိုးကွယ်ပူဇော်ခြင်းခံရသော နတ်များ ဖြစ်လေသည်။ နံကရိုင်းနတ်ဆို သည်မှာ အသားမင်းသားအား ကြည့်ရှူစောင့်ရှောက်ထားသော ကျွဲပေါင်းငါးရာတို့၏ အကြီးအကဲ ကျွဲမကြီး သေဆုံးပြီးနောက် နတ်ဖြစ်နေသည်ကိုဆိုလိုသည်။ ပထမတွင်နံကရိုင်းကျွဲမ နတ်အား တစ်နှစ်တစ်ခါ ပူဇော်ပွဲပြုလုပ်ရာတွင် ကျွဲတစ်ကောင်ကို သတ်ဖြတ်ပြီး ပူဇော်ကြလေသည်။ နောင်သောအခါကျွဲတစ်ကောင်ကို ပူဇော်ရန် အခြေအနေမပေးသော အခါ၌ နံကရိုင်းနတ်ကို ပူဇော်လေ့ရှိသောမွန်တို့ကကျွဲအစား ငါးရံတစ်ကောင်ကိုယူပြီး နဖားထိုးကာ ၊ ကျွဲသဏ္ဍာန်ပြုလုပ် ပြီး ပူဇော်သည်ကို ငါးရံ့နဖားထိုးနတ်အား ပူဖော်သည်ဟူ၍ ခေါ်ဝေါ်ကြလေသည်။ ထို့ကြောင့် ငါးရံ့နဖားထိုးပြီးနတ်ပူဇော်သူများကို မွန်အဆက်အနွယ်များ ဟူ၍ သတ်မှတ်ကြလေသည်။ မွန်တို့၏ဓလေ့ထုံးစံများအနက် တစ်ယောက်နှင့် တစ်ယောက် မိတ်ဖွဲ့ခြင်းသည် အလွန် ကောင်းမြတ်သော အလေ့အထတစ်ခုဟုဆိုရပေမည်။ မွန်တို့သည် မိမိတို့နေထိုင်ရာရွာမှ အခြားရွာ သို့ အလည်အပတ်သွားရောက်၍ သော်လည်းကောင်း၊ သို့မဟုတ်ကုန်ကူးသန်းရောင်းဝယ်ရန်အ တွက် သွားရောက်သောအခါတွင်လည်းကောင်း၊ ဆွေမျိုးတော်စပ်သူမဟုတ်သော်လည်း ရင်းနှီးခင် မင်ကြရန် မိတ်ဖွဲ့လေ့ရှိကြသည်။ ယောက်ျားအချင်းချင်းမိတ်ဖြစ်လျှင် (ဇွာ ) မိန်မအချင်းချင်းမိတ် ဖြစ်လျှင် (ပြေဲာ )ဟု၍ခေါ်ကြပြီး၊မိန်မနှင့်ယောက်ျားမိတ်ဖြစ်ကြသည်ကိုလည်း (ပြေဲာ ) ဟုပင်ခေါ်ကြ လေသည်။ ဤကဲ့သို့တစ်ရွာနှင့်တစ်ရွာ မိတ်ဖြစ်ပြီး အလွန်ချစ်ခင်ရင်းနှီးသော မိတ်ဆွေများ ဖြစ် ပြီးနောက် တစ်ယောက်ကို တစ်ယောက် စီးပွားရေးတွင်လည်းကောင်း၊ လူမူရေးတွင်လည်းကောင်း၊ ကူညီကြသည်မှာ ဆွေမျိုးအရင်အချားထက်ပင် အားကိုးရသူများ ဖြစ်ကြလေသည်။ ဤကဲ့သို့ တစ် ရွာမှ တစ်ခြားရွာရှိလူများ မိတ်ဖွဲ့နိုင်ခြင်းအားဖြင့် တစ်ရွာနှင့်တစ်ရွာမှာလည်း နာလည်မူ ရရှိကြပြီး သင့်တင့်ညီညွတ်စွာ နေထိုင်ကြသဖြင့် အေးချမ်းသာယာသော အခြေအနေကို ဖန်တီးထားသလို ဖြစ်ပေါ်စေသည်။ ယခုခေတ်တွင်လက်ထပ်ထိမ်းမြားရာတွင်မွန်နှင့်မြန်မာတို့၏ ဓလေ့ထုံးစံမှာအလွန်တူသည် ဟု ဆိုရသော်လည်း အချို့နေရာဒေသများတွင် မတူကွဲပြားခြားနားသည်ကို ယခုတိုင် တွေ့ရှိနိုင်ပါ သည်။ လက်ထပ်ထိမ်းမြားခြင်းကိုဘုရားမပွင့်မီ ကမ္ဘာဦးလူတို့က သတ်မှတ်ထားသော အလေ့အထ အပြင် နောက်ပိုင်းတွင် ဟိန္ဓူအလေ့အထနှင့် ဗုဒ္ဓ၏ ဆိုဆုံးမထားသော တရားတော်များနှင့် ပေါင်း စပ်ပြီး ပြုလုပ်ကြလေသည်ဟု ယူဆကြလေသည်။ ရှေးဟောင်းမွန်စာပေများတွင် ထိမ်းမြားခြင်း၊ ဘိတ်သိတ်မြှောက်ခြင်း စသော အခမ်း အနားများတွင် ပုဏ္ဏား (၈) ယောက်တို့က ဂါထာများဖြင့် မန်းမှုထားသော ရေကို အပေါက်တစ် ထောင်ရှိသော ရေစစ်ဖြင့်စစ်ယူပြီးမင်းသမီးမင်းသား၊သတို့သမီးသတို့သားတို့အပေါ်ပက်ဖျန်းခြင်း အမူသည် ဟိန္ဓူ၏အလေ့အထအတိုင်း လုပ်ဆောင်ကြသည်ဟု ဆိုရပေမည်။ လက်ထပ်ထိမ်းမြားခြင်းအမူပြီးမြောက်အောင်မြင်ခြင်းကိုဖြစ်စေသော ပုဆိုးတန်းတင်ခြင်း၊ လက်စွပ်လဲခြင်း၊စုလျားရစ်ပတ်ခြင်းစသော လုပ်နည်းလုပ်ဟန်(၁၀) မျိုးကို မွန်စာပေ၊ မြန်မာစာပေ များတွင် ရေးပေးဖော်ပြထားသဖြင့် ရှေးရှေးကလူများ အသိအမှတ်ပြုသတ်မှတ်ထားသောနည်း ဟု ဆိုရပေမည်။ ဖော်ပြထားသော(၁၀)မျိုးအနက်တစ်မျိုးမျိုးဖြင့် လုပ်ဆောင်လျှင် ထိမ်းမြားခြင်း ပြီး မြောက်သည်ဟုဆထားလေသည်။ ယခုခေတ်အသုံးများသော သတို့သားနှင့်သတို့သမီးတို့၏ လက်နှစ် ဖက်ကို ရေတွင်နှစ်ပြီး လက်ထပ်ခြင်းသည်လည်း ထို့ကဲ့သို့(၁၀) မျိုးအနက်မှ တစ်မျိုးပင် ဖြစ်လေသည်။ အလွန်ရှေ့ကျသော မွန်တို့၏လက်ထပ်ခြင်း ဓလေ့ထုံးစံတချို့မှာ အမျိုးသားသတို့သား က သတို့သမီးအိမ်သို့ သွား၍လက်ထပ်သောအခါ သတို့သားဘက်မှအုန်ပင်ပေါက် ၊ ကွမ်းသီးပင် ပေါက်၊နနွင်းတက်(အစိမ်း)၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ အဝတ်စအသစ်(၁)စ စသည်တို့ကို တောင်း(နတိုင်း) တွင်ထည့်၍ယူသွားရသည်။ ထိုတောင်းအပြင်လက်ဆောင်ပစ္စည်း(မဲာသုတ်)များ ထည့်ထားသော ခြေလေချောင်းအုပ်မှာလည်း ယူဆောင်သွားရလေသည်။ ယခုအခါ ခြေလေး ချောင်းအုပ်မှာ အလွန်ရှားပါးနေသဖြင့် အုပ်အစားလင်ဗန်တို့ဖြင့်ထည့်၍ ယူဆောင်ကြလေသည်။ ဤကဲ့သို့ သတို့သားကသတို့သမီး အိမ်သို့သွား၍လက်ထပ်ခြင်းကိုဝိဝါဟဟု ခေါ်ပြီး သတို့သမီး က သတို့သားအိမ်သို့ သွား၍လက်ထပ်ခြင်း ကိုအာဝါဟလက်ထပ်ခြင်း ဟုခေါ်လေသည်။ မြတ်စွာ ဘုရားလက်ထက်တော်ကာလက ဝိသာခါအမျိုးသမီး လက်ထပ်ရာတွင် သတို့သား၏ အိမ်သို့ သွား၍ လက်ထပ်ခြင်းကို လုပ်ဆောင်သည်ဟုသိရလေသည်။ အိမ်ယာဆောက်လုပ်ရာတွင်လည်း မွန်တို့တွင် အလွန်တိကျသော သတ်မှတ်ချက်များရှိ လေသည်။ ထိုသတ်မှတ်ချက်များကို မွန်တို့ယခုတိုင်လက်ကိုင် ပြုထားသော လောကသိဒ္ဓိကျမ်း တွင် အသေချာဖော်ပြထားလေသည်။ နန်းတော်ဆောက်လုပ်ရာတွင်လုပ်ဆောင်ရသည့်ဓလေ့ထုံး တမ်း လုပ်နည်းလုပ်ဟန်များ အကြောင်းကို ပုဂံတွင် တွေ့ရှိရသော မွန်လက်ရာဖြင့်ရေးသားထား သည့် ကျန်စစ်သား နန်းတော်ကျောက်စာတွင် ပရိတ်ရွတ်ခြင်း၊ ပရိတ်ရေဖြင့် သွန်းလောင်း ခြင်း ပုဏ္ဏားတို့က ရွတ်ဖတ်သရဇ္ဈာယ်ခြင်းစသော လုပ်နည်းလုပ်ဟန်များသည် ဗုဒ္ဓ၏ အဆုံးအမ နှင့် ဟိန္ဓူတို့၏ အယူအဆဖြင့် စုပေါင်းလုပ်ဆောင်သည်ဟု ဆို ရ ပေ မည်။ ကျန် စစ် သား နန်းတော်တည်ဆောက်ရာတွင် ရှင်အရဟံနှင့် မွန်ပညာရှင်တို့၏ ညွန်ကြားချက်များအရ ဆောက် လုပ်သည်ဟု သုတေသီတို့ က ဆိုလေသည်။ ဘဝတစ်ပါးသို့ ပြောင်းသွားသော သေဆုံးသူ၏ အလောင်းကို ပြုပြင်စီရင်ရာ၌ မွန်တို့ တွင် ဆောင်ရွက်ရန်ကိစ္စများစွာရှိသည်ကိုတွေ့ရသော်လည်းအချို့မှာမြတ်စွာဘုရားလက်ထက်မှစ၍ ဗုဒ္ဓဘာသာ အယူအဆတိုင်း သတိသံဝေဂရရန် စီမံဆောင်ရွက်ကြသည်ကိုတွေ့ရလေသည်။ သို့သော်လည်း အချို့ဆောင်ရွက်လုပ်ဆောင်သော အလေ့အထများသည် ဘုရားမပွင့်မီ အချိန်က တည်းကဆောင်ရွက်ခဲ့သော လုပ်နည်းလုပ်ဟန်များ ဖြစ်ဟန်တူသောကြောင့် ဗုဒ္ဓတရားတော်နှင့် မကိုက်ညီသော်လည်း ယခုထက်တိုင် အသုဘကိစ္စများတွင် ပြုလုပ်နေကြသည်ကိုတွေ့ရလေသည် ဥပမာ -သေဆုံးသူအိမ်မှ သင်္ချိုင်းသို့ အသုဘပို့ရာတွင်မွန်တို့အတွက်မပါမပြီးသည့်လိပ်ပြာတောင်း ပင်ဖြစ်လေသည်။လိပ်ပြာတောင်းဆိုရာ၌ တောင်းထဲတွင် မှန်၊ တူရွင်းငယ်တစ်ခု၊ သေသူ၏အဝတ် အစား၊ ကွမ်းယာတစ်ယာ၊ နံ့သာရည်တစ်ခွက်နှင့် ကျောက်စီလက်စွပ်ထည့်ပြီး သားသမီးရှိက အငယ်ဆုံးသားသမီးက အဝတ်ဖြူဝတ်ကာ တောင်းကို ပိုက်ကာ ရှေးဆုံးက သွားရလေသည်။ သားသမီးမရှိက နီးစပ်ရာသူများလည်း လိပ်ပြာတောင်းကို ပိုက်နိုင်သည်။ လိပ်ပြာ၏ အဓိပ္ပာယ်မှာ သေဆုံးသူ၏ ဝိညာဉ်ကိုဆိုလိုခြင်း ဖြစ်လေသည်။ ဝိညာဉ်ကို ထိန်းသိမ်းပြီးသွားစေခြင်းမှာ ဗုဓ္ဒ အယူအဆနှင့်များစွာမကိုက်ညီသည်ကို တွေ့ရလေသည် အချို့အယူအဆမှာ ဝိညာဉ်ကို သင်္ချိုင်း ရောက်သော်လည်းသွားခွင့်မပြုသေးဘဲ (၇)ရက်လည်သည့်နေ့တွင် ရေစက်ချအမျှဝေပြီးမှ သွာစေ သည့်အယူအဆပင်ဖြစ်လေသည်။ သေသူ၏အလောင်းအား သေပြီးသည်မှ သင်္ချိုင်းရောက်သည့်အထိ ပြုပြင်စီရင်ရာတွင် သေသူ၏ပါးစပ်တွင် ကွမ်းဖတ်နှင့် ပိုက်ဆံထည့်ခြင်း၊ ခြေမ၊ လက်မများကိုကြိုးဖြူများဖြင့် ချည်နှောင်ခြင်း၊ သင်္ချိုင်းရောက်သောအခါ သေသူအား ထမင်းစားရန်ခေါ်ခြင်း စသည့်အလေ့အထ များမှာမြတ်စွာဘုရားလက်ထက်အချိန်ကာလတွင် ဗုဒ္ဒ္ဓတရားတော်နှင့် ပတ်သက်သောသတိသံဝေဂ ရရန် ကာလထေရ်အမည်ရှိသော မထေရ်တစ်ပါးက ပသေနဒီကောသလမင်းအား သေသူ၏ အလောင်းကို မည်သို့မည်ပုံပြုပြင်စီရင်ရန်မိန့်ကြားထားသော လုပ်နည်းလုပ်ဟန်များပင် ဖြစ်လေ သည်။ ဥပမာ သေသူ၏ ခြေလက်များကို ကြိုးနှင့်ချည်ပြီး သင်္ချိုင်းသို့ရောက်သောအခါမြေမမြှုပ်မီ သို့မဟုတ် မီသင်္ဂြိုလ်ခြင်းမပြုမီ ကြိုးများကို ဓားလက်နက်ဖြင့် လှီးဖြတ်ရခြင်းမှာ ကာလထေရ်၏ အဓိပ္ပာယ်ဖွင့်ချက်အရကြိုးဖြင့် ခြေမလက်မများကို ချည်နှောင်ထားခြင်းအားဖြင့် သံသရာတွင် ကျင်လည်ကြသော သတ္တာဝါတို့သည် လွတ်လပ်ခြင်းမရှိ။ ဒုက္ခဘုံတွင် ကျပ်ကျပ်တည်းတည်းဖြင့် နေရဖြင်းကိုဆိုလိုပါသည်။ သချုင်္ိင်းရောက်ပြီး နောက်ကြိုးစကို ဓာလက်နက်ဖြင့် လှီးဖြတ်ခြင်း မှာ သံသရာမှကျွတ်လွတ်ရန်အတွက် ဓာလက်နက်နှင့်တူသော ပညာဖြင့် လှီးဖြတ်ပါမှ နိဗ္ဗာန်သို့ ရောက်နိုင်ကြောင်းကို ပုထုဇဉ်များ သတိသံဝေဂ ရရန်ပြုလုပ်စေခြင်း ဖြစ်လေသည်။ ဤအလေ့ အထများနှင့် ပတ်သက်ပြီး ကာလထေရ်မည်သော ကျမ်းတွင် အသေးစိတ်ဖော်ပြထားသည်ကို တွေ့ နိုင်လေသည်။ မွန်တို့သည် လူသေအလောင်းကို မြေမြှုပ်ရာတွင် သို့မဟုတ် မီးသင်္ဂြိုလ်ရာတွင် ဦခေါင်းကိုမြောက်အရပ်ဘက်သို့ ထားလေ့ရှိသည်။ ဤအလေ့အထသည် မွန်တို့ မြောက်ဘက်မှ ဆင်းသက်လာသည်ကို အမြဲသတိရနေရန်ရည်ရွယ်ခြင်း ဖြစ်သည်ဟုဆိုသည်။ ဤအယူအဆမှာ ဂေါတမမြတ်စွာဘုရား မပွင့်မီအချိန်ကတည်းက မွန်တို့လက်ခံထားသော အယူအဆဖြစ်ဟန်တူ သည်။ ဤစာတမ်းအစပိုင်းတွင် ဖော်ပြချက်အရ အရှေ့အာရှတောင်ပိုင်းတွင် နေထိုင်ကြသော လူမျိုးများသည်လည်းကောင်း၊ အထူးသဖြင့် မြန်မာပြည်တွင်း မှီတင်နေထိုင်ကြသောတိုင်းရင်းသား လူမျိုးများသည်လည်းကောင်း မောင်ဂွတ်ဟူသော အမိဝမ်းတွင်းမှ ဆင်းသက်ပေါက်ပွားလာသော ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်ကို သဘောပေါက်နာလည်ကြပြီးနောက် လူတစ်မျိုးနှင့် တစ်မျိုးသင့်တင့်ညီညွတ်ပြီး အေးချမ်းသာယာစွာ နေထိုင်ကြရန် ကြိုးဖမ်းအားထုတ်အပ်ပေသည်။ တစ်ဆက်တည်း မွန်လူမျိုးတို့သည်လည်း တစ်ချိန်ကထီးနှင့်နန်းနှင့် နေလာပြီး ယဉ်ကျေးမှုဆိုင်ရာ ဘက်တွင်အဆင့်မြင့်ကြိုးဖမ်းအာထုတ်ခဲ့ဖူးသည်ကို သတိရကြလျက် တိမ်ကောပပျေက် လျက်ရှိသော စာပေယဉ်ကျေးမှုကို အခြေခံလျက် မိမိလူမျိုးနှင့်တကွ စာပေယဉ်ကျေးမှုတို့ကို ခေတ်နှင့်လျော်ညီစွာ တိုးတက်ကြီးပွားလာအောင် ဆောင်ရွက်သင့်ကြောင်း ရေးသားတင်ပြအပ် ပါသည်။ နိုင်ထွန်းသိန်း

မွန်တို့သမိုင်း အပိုင်း ၃ (အနုပညာလက်ရာများ )

မြန်မာပြည်အောက်ပိုင်းတွင် ရှေးဦးစွာဝင်ရောက်နေထိုင်ကြသော မွန်နှင့်ပျူလူမျိုးတို့သည် အိန္ဒိယလူမျိုးများနှင့်ဆက်ဆံပေါင်းသင်းလာရသဖြင့် အိန္ဒိယမှ ယဉ်ကျေးမူများကို ရရှိသောသူများ ဖြစ်လေသည်။ မွန်လူမျိုးတို့၏ ရှေးဟောင်းယဉ်ကျေးမူ အနုပညာလက်ရာများကို သထုံနယ် တစ်ဝိုက်တွင်တွေ့ရှိနိုင်လေသည်။ သထုံမြို့ကို မတည်ဆောက်မီ မွန်တို့သည် သထုံမြို့ အနောက် မြောက်ဘက်မိုင် (၃၀) ခန့်ဝေးသော ကေလာသတောင်နီးတစ်ဝိုက်တွင် သုဓမ္မဝတီမည်သော မြို့ကို တည်ဆောက်ပြီးမင်းလုပ်အုပ်ချုပ်စဉ် ဂဝံကျောက်ဖြင့် ဗုဒ္ဓရုပ်ပွားတော်များနှင့် အခြားလက်ရာ မြောက်သောတိရစ္ဆာန်ရုပ်များ ထုလုပ်ထားသည်ကို ယခုတိုင်တွေ့မြင်နိုင်ပါသည်။ ဇုတ်သုတ်ရွာတောင်ဘက်(၁)မိုင်းလောက်တွင်အမြင့်ပေ(၇)ပေခွဲ၊အလျား(၁၂၀)ကိုက်ရှိသော ဂဝံကျောက်နံရံတံတိုင်းကိုဆင်ရုပ်၊မြင်းရုပ်တို့ဖြင့် ထုထွင်းထားသည်မှာ အလွန်လက်ရာမြောက်ပြီး ၎င်းကို ဆငိတပ်၊မြင်းတပ်ဟုခေါ်တွင်လေသည်။ ၎င်းလက်ရာများကို မပျက်မစီးလေအောင် ရှေး ဟောင်းသုတေသနဌာနက ထိန်းသိမ်းစောင့်ရှောင့်ထားသည်ဟု သိရပါသည်။ (၁၀)ရာစု၊(၁၁) ရာစုမတိုင်မီလောက်တွင် ယခုသထုံမြို့ကိုတည်ဆောက်ပြီး ထီးနန်းစိုက်သူ ဘုရင်များလက်ထက်တွင် တွေ့ရှိရသောအနုပညာလက်ရာများအနက် သထုံကလျာဏီသိမ်၏ မှတ် တိုင်များပေါ်တွင်ဇာတ်ကြီးဆယ်ဘွဲ့တို့ကိုပန်းတမော့ခေါ်သော ကျောက်ဆစ်ပန်းပန်ပုလက်ရာများ ဖြင့် ထုလုပ်သရုပ်ဖော်ထားသည်ကို တွေ့ရပြန်လေသည်။ ထို့ပြင် သထုံရွှေစာရံဘုရားနှင့် ကလျာဏီသိမ်အကြားရှိ သိကြားဘုရား ပစ္စယံပေါ်တွင် တွေ့ရှိသည့် စဥ့်ချပ်များသည်လည်း ဇာတ် ကြီးဆယ်ဘွဲ့ကို သရုပ်ဖော်ထားသော လက်ရာများကို တွေ့ရှိနိုင်ပါသည်။ မော်လမြိုင်မြောက်ဘက် မိုင်(၃၀) အကွာလောက်တွင် ဖားကပ်ရွာအနီးကော့ဂွန်းဂူတစ်ဂူရှိ လေသည်။ ထိုဂူထဲတွင် မြတ်စွာဘုရားရုပ်တုတော်များအပြင် ဟိန္ဓူပိဿနိုးနတ်နှင့် သျှီးပါနတ်တို့ ၏ ရုပ်ထုများကိုလည်း တွေ့ရှိနိုင်လေသည်။ အချို့ရုပ်တုအောက်တွင် မွန်စာဖြင့်ရေးသားထားသည် ဟု သိရလေသည်။ ထိုဂူအတွင်းရှိ ရေးသားထားသော မွန်စာကို ဖတ်ရှု့ခြင်းအားဖြင့် (၁၀)ရာစု မတိုင်မီက ရေးသားသော ခေတ်ဟောင်းမွန်စာပေဟု သိရလေသည်။ မြန်မာပြည်အောက်ပိုင်းတွင် ရာသီဥတုပြင်းထန်သောကြောင့် ရှေ့ဟောင်းအဆောက်အဦး နှင့် အနုပညာလက်ရာများ များစွာမတွေ့ရသော်လည်း အဆောက်အဦးနှင့် အနုပညာလက်ရာများ အတွက် သင့်တင့်ကောင်းမွန်သော ရာသီဥတုကြောင့် ပုဂံဒေသတစ်ဝိုက်တွင် မွန်တို့၏ အနုပညာ လက်ရာများကို ကောင်းမွန်သောအခြေအနေတွင် ရှိနေသည်ကို တွေ့ရလေသည်။ အနော်ရထာမင်း ကြီးသည် သုဝဏ္ဏဘုမ္မိသထုံပြည်ရှိ မနူဟာမင်းကြီးကို အောင်နိုင်ပြီးနောက် ပိဋကတ်တော်နှင့် တကွ ပန်းပု၊ပန်းပွတ်၊ပန်းချီး၊ပန်းရံ၊ပန်တော့၊ပန်းတမော့၊ပန်းတိမ်၊ပန်းပဲ၊ပန်းတည်းမှစ၍ မွန်ပညာ သည်ပေါင်းများစွာ ကိုယူဆောင်ပြီး ပုဂံတွင်စီစဉ်နေရာချထားခဲ့သည်ဟုသိရှိရသည်။ ပုဂံဒေသတွင် ရှေးဦးစွာ တည်ဆောက်သောဘုရားများမှာ မွန်ပိသုကာလက်ရာများဖြစ့်သော ဂူဘုရားများဖြစ်လေ သည်။ ထိုမွန်ပုံစံစုံဂူဘုရားမှာ ပုထိုးသားများ၊ နဂါးရုံ၊ အပါယ်ရတနာ၊ဂူပြောက်ကြီး (မြင်းကပါ) နှင့် နန်းဘုရားစသည်တို့ ဖြစ်လေသည်။ ထိုဂူဘုရားများတွင် အင်္ဂတေပန်း၊အင်္ဂတေပန်းဆွဲ၊တိုင်ဖုံးပန်းအင်္ဂတေရုပ်အမျိုးမျိုးကိုလည်း ကောင်း ကျောက်ဆစ်လက်ရာဖြစ်သောကျောက်ရုပ်တု၊ကျောက်လေသာပြတင်းပေါက်များကိုလည် ကောင်း ၊ပစ္စယာအဆင့်ဆင့်တွင်စဥ့်ကွက်၊စဥ့်ပန်း၊စဥ့်ရုပ်ကြွဇာတ်ကွက်များနှင့်မြေမီးဖုတ်အုတ်ကွက် များကိုလည်းကောင်း၊ နံရံများတွင် ဆေးရေးပန်းချီဖြင့် ခြယ်လှယ်ပြီး ပန်းချီအောက်တွင် မွန်စာဖြင့် ရေးသားထားသည်များကိုလည်း တွေ့ရှိနိုင်လေသည်။ ကျန်စစ်သား နတ်ရွာမစံမီ ဆောက်လုပ်သော အဆောက်အဦးများအနက် အချို့မှာ မွန် ပုံစံသက်သက်ဖြင့် ဆောက်လုပ်ပြီး အချို့အဆောက်အဦးများကိုမွန်-မြန်မာပညာသည်များစုပေါင်း ပြီးဆောက်လုပ်ကြသည်ဟုသုတေသီတို့က ဆိုထားလေသည်။သို့ သော်လည်းကျန်စစ်သားနတ်ရွာ မစံမီ ဆောက်လုပ်သောအဆောက်အဦးများတွင် မွန်ဘာသာစာပေကိုသာ သုံးစွဲရေးသားထားသည် ကိုတွေ့ရလေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာဘာသာစာပေကို ကျန်စစ်သားနတ်ရွာစံပြီး နောက် သားတော်ရာဇကုမာမင်းသားကရေးထိုးသော ရာဇကုမာ(မြစေတီ) ကျောက်စာတွင်သာ ဦးစွာတွေ့ရှိရသောကြောင့်ဖြစ်သည်။ ကျန်စစ်သားနတ်ရွာစံပြီးနောက် ဆောက်လုပ်သော အဆောက်အဦးများမှာများသောအား ဖြင့် မြန်မာပုံစံအဆောက်အဦးများ ဖြစ်ပြီး ရေးသားသော စာပေများမှာလည်း မြန်မာဘာသာစာပေ များ ဖြစ်လေသည်။

မွန်တို့သမိုင်း အပိုင်း ၂ (အနုပညာလက်ရာများ )

မွန်တို့သည် ထီးနှင့် နန်းနှင့် နေလာခဲ့သည့်အလောက်ယဉ်ကျေးမူအရာတွင်လည်းအဆင့် မြင့် အောင်ကြိုးပမ်းလာကြသည်ဟု သုတေသီတို့က ဆိုကြလေသည်။ ယဉ်ကျေးမူအဆင့်မြင့်သည့် အလောက်မွန်တို့ ရေးသားလာသော စာပေများသည်လည်း အခြားလူမျိုးများနှင့် နှိုင်းယှဉ်ပါက အလွန် အဆင့်မြင့်သည်ကို တွေ့ရလေသည်။ လူမျိုးတစ်မျိုးသည် ၎င်း၏စာပေကို မရေးသားနိုင်မီ စကားလောက်သာရှိကြသည်။ ထိုမှ တစ်ဆင့် စာပေဖြစ်ပေါ်လာအောင် အက္ခရာကိုရှာရလေသည်။ အက္ခရာရှာမှသာလျှင် စာပေကို ရေး သားနိုင်ပါသည်။ ထိုသို့ ဆိုလျှင် မွန်တို့သည်စာပေရေးသားနိုင်အောင် အက္ခရာကို မည်ကဲ့သို့ရရှိပါ သနည်းဟုမေးရန်ရှိပါသည်။ ထိုအဖြေနှင့် ပက်သတ်၍ အယူးအဆဟောင်းကို လက်ခံသော မွန်တို့ ကမွန်ကပင် ရရှိပြီး မွန်စာသည် မွန်စတင်ပေါ်ပေါက်ကတည်းကရှိနေသည်ဟု ဖြေဆိုကြပါသည်။ ထိုသို့ဆိုလျှင် မွန်စာသည် ဂေါတမမြတ်စွာဘုရား မပွင့်မီကတည်းက ရှိနေသည်ဟု ဆိုရပေမည်။ သို့ သော်ထိုအဖြေကို ခိုင်မြဲရန်အတွက် အထောက်အထားများကိုတော့ မဖော်ပြနိုင်သည်ကို တွေ့ရလေသည်။ စင်စစ် မွန်တို့သည် အက္ခရာကို ခရစ်သက္ကရာဇ် (၄ - ၅ )ရာစုလောက်တွင် အိန္ဒိယတောင် ပိုင်းရှိ ပလ္လဝလူမျိုးတို့၏ အက္ခရာကိုယူပြီး စာပေကို ရေးသားကြသည်ဟု သိပံ္ပသုတေသီတို့က ဆို လေသည်။ ထိုကြောင့် ၄ - ၅ ရာစုလောက်တွင် သထုံမှ သီဟိုဋ်သို့သွား၍ ပိဋကတ်တော်များကို ကူးယူခဲ့သောရှင်မဟာဗုဒ္ဒဃောသ လက်ထက်က ရရှိလာဟန်အကြောင်းရှိလေသည်။ ပလ္လဝလူမျိုး တို့၏ အက္ခရာဆိုသော်လည်း ပလ္လဝအက္ခရာသည် အိန္ဓိယနိုင်ငံတွင်းသို့ ပထမရောက်ရှိလာသော ဗြဟ္မီအက္ခရာမှ ဆင်းသက်လာသော အက္ခရာပင် ဖြစ်လေသည်။ ဗြဟ္မီအက္ခရာကို ခရစ်မပေါ်မီ သုံးရာစုလောက်တွင် ရရှိပြီး သီရိဓမ္မသောကမင်းကြီးက စတင်ရေးသားအသုံးပြုသော အက္ခရာဖြစ် လေသည်။ ခရစ်သက္ကရာဇ် ၅ - ရာစုလောက်မှစ၍ ယခုတိုင်ရေးသားနေသော မွန်စာပေကို ခေတ်သုံး ခေတ်ခွဲပြီး ပိုင်းခြားထားနိုင်သည်ဟု သုတေသီတို့က ဆိုကြလေသည်။ (၅) ရာစုမှ(၁၂)ရာစုထိစာပေ များက ခေတ်ဟောင်းစာပေ၊(၁၂)ရာစုမှ(၁၆)ရာစုစာပေများကို အလယ်ခေတ်စာပေနှင့်(၁၆)ရာစုမှ ယခုချိန်ထိရေးသားကြသောစာပေကို ခေတ်သစ်စာပေဟု ခွဲခြားထားလေသည်။ ခေတ်ဟောင်း စာပေဆိုသည်မှာ ယိုးဒယားပြည် ဒွါရဝတီ၊ ဟရိပုဉ္စနှင့်မြန်မာပြည်၊ သထုံနှင့် ပုဂံခေတ်တို့တွင် ရေးသားထားသော စာပေကို ခေါ်ပါသည်။ ခေတ်ဟောင်းစာပေများသည်ကျောက်စာ၊စဥ့်ခွက်စာ၊အုတ်ခွက်စာ၊မင်စာအဖြစ်သာကျန်ရှိ သည်ကို တွေ့ရလေသည်။ခေတ်ဟောင်း မွန်ကျောက်စာများကို ဦးစွာဖတ်ပြီး အဓိပ္ပါယ်ဖော်ဆောင် နိုင်သူမှာ အင်္ဂလန်မှ ဒေါက်တာဘလက်တင်(dr. blagden)ဆိုသူပင် ဖြစ်ပါသည်။ ဒေါက်တာ ဘလက်တင်မှာ ဘာသာဗေဒ၊ အက္ခရာဗေဒစသောပညာရပ်များကို သုတေသနပြုပြီးစာပေများကို လေ့လာသူဖြစ်သောကြောင့် မွန်ခေတ်ဟောင်း စာပေကို ဖော်ထုတ်ပေးနိုင်သူ ဖြစ်ပါသည်။ ခေတ်ဟောင်း မွန်စာပေကို တွေ့နိုင်သောနေရာမှာ ယိုးဒယားပြည် ဖရပထုံဒေသ၊ ဟရိပုဉ္စဟု ခေါ် သောလန်ဖွန်ဒေသ၊ မြန်မာပြည်တွင်သထုံနှင့် ပုဂံတို့ပင်ဖြစ်လေသည်။ အထူးသဖြင့် ပြင်းထန်သော ရာသီဥတုဒဏ်ကိုမခံရသော ပုဂံဒေသတွင် ယခုထက်တိုင်အများအပြားကျန်ရှိနေသည်ကို တွေ့ရ လေသည်။ ထိုခေတ်ဟောင်းစာပေများအနက် ပုဂံတွင် တွေ့ရသော ရွှေစည်းခုံဘုရားကျောက်စာနှင့် ကျန်စစ်သား နန်းတော်တည်ကျောက်စာတို့သည် အလွန်ထင်ရှားသော စာပေများဖြစ်ပြီး အလွန် အဆင့်အတန်းမြင့်သော စာပေများ ဖြစ်ကြလေသည်။ အလယ်ခေတ်မွန်စာပေများကိုလည်း ကျောက်စာများတွင်သာ တွေ့ရှိရလေသည်။ အလယ် ခေတ်ကျောက်စာများသည် ဟံသာဝတီခေတ်တွင် ထင်ရှားကျော်စောသောမွန်ဘုရင်မရှင်စောပုနှင့် ဓမ္မစေတီမင်း လက်ထက်တို့တွင်ရေးသားထားသောစာများ ဖြစ်လေသည်။ စာပေများကို လိုက်စား လေ့လာကြသော သုတေတီတို့၏ အဆိုအရ ဟံသာဝတီခေတ်မွန်စာပေတို့သည် ပုဂံခေတ်ရေး မွန်စာပေတို့လောက်အဆင့်မမြင့်သောစာပေဟူ၍သတ်မှတ်ကြလေသည်။ အလယ်ခေတ်စာပေတွင် ထင်ရှားသော စာပေများမှာ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားရှိ ရွေတိဂုံကျောက်စာနှင့် ပဲခူးမြို့ရှိကလျာဏီ သိမ်ကျောက်စာများပင် ဖြစ်လေသည်။ ခေတ်သစ်မွန်စာပေများကို ပေစာနှင့် ပုံနှိပ်စာအုပ်များတွင် တွေ့နိုင်းပါသည်။ ခေတ်သစ်ဟု ဆိုသော်လည်း ပေစာများသည် ရှေ့ဟောင်းကျပြီး ပုံနှိပ်စာအုပ်ရှိ စာပေတို့သည် မျက်မှောက်ခေတ် စာပေ ဟုခေါ်ဆိုနိုင်းပါသည်။ ခေတ်ဟောင်းစာပေနှင့် အလယ်ခေတ်စာပေများသည် များသောအား ဖြင့် စာကားပြေဖြင့် ရေးသားသော်လည်း စာပေများတွင် အလကာင်္ နှင့် စာကားပြေ နှစ်မျိုးဖြင့် ရေးသားကြသည်ကို တွေ့ရလေသည်။ မွန်တို့သည်ဗုဒ္ဓဘာသာကို အလွန်သက်ဝင် ယုံကြည်သူများ ဖြစ်သည့်အလျောက်ပိဋိကတ်တော်များကို ပါဋိဘာသာ မွန်ဘာသာ စသည်တို့ဖြင့် ပေပေါ်တွင် ရေးသားပြီး စုဆောင်းထားကြလေသည်။ ပုံနှိပ်စာအုပ်များ မထုတ်လုပ် နိုင်းမီကာလတွင် ပေနှင့် ပုရပိုက်ပေါ်တွင်သာ ရေးသားသဖြင့် ထိုစဉ်အခါက ရေးသားထားသော ပေစာ၊ပုရပိုက်စာတို့သည် ယခုတိုင်း နေရာအနှံအပြားတွင် တွေ့ရှိနိုင်းပါသည်။ ပိဋိကတ်စာပေများအပြင် သမိုင်း၊ ပုံပြင်၊ ဆေးကျမ်း၊ လောက်ကီရေးရာကျမ်း၊ဓမ္မသတ်စသည့် ဘာသာရပ်မျိုးမျိုးကို စာပေများတွင် ယခုတိုင် တွေ့ရှိနိုင်းပါသည်။ မွန်ပိဋိကတ်စာပေများကို မွန်ရဟန်းတော်များကသာ စောင့်ရှောက် သိမ်းဆည်း လေ့လာကြသဖြင့် မွန်စာပေများ မပျောက်မပျက်တည်ရှိသည်ကို အားရဝမ်းမြောက်မိသော်လည်း ပိဋိကတ်တော်စာပေများအပြင် အခြားသမိုင်း၊ ပုံပြင် ၊ ဆေးကျမ်း စာသော အလွန်တန်ဖိုးရှိသည့် စာပေများကို နိုင်းငံခြားမှ ပညာရှင်များသာ ရှာဖွေလေ့လာပြီး မွန်တို့အနေနှင့် လေ့လာသူမှာ အလွန်နည်းပါးလှသဖြင့် အလွန်ဝမ်းနည်းစရာကောင်းလေသည်။အချို့စာပေများကိုအစိုးရစာကြည့် တိုက်များတွင် သိမ်းဆည်းထားနိုင်းသော်လည်း စာကြည့်တိုက်သို့လည်း မရောက်သေးသော အချို့ဘုန်းတော်ကြီးကျောင်းများတွင် ရှိသည့်စာပေများကိုလည်း စနစ်တကျမသိမ်းဆည်းထားနိုင်း သဖြင့် အလွန်တန်းဖိုးရှိသော ပေစာများ ပပျောက်သွားမည်ကို အလွန်စိုးရိမ်ဖွယ်ရာ ဖြစ် မိပါသည်။ မွန်စာပေများကို ရေးသားသောခေတ်တွင် နာမည်ကျော်ကြားသောစာရေးဆရာမှာဝေါဆရာ တော်ပင် ဖြစ်လေသည်။ ဝေါဆရာတော်သည် ဇာတ်ကြီး ဆယ်ဘွဲ့နှင့် ငါးရာ့ငါးဆယ် နိပတ်တော် များကို မွန်စာကားပြေဖြင့် ရေးသားသူ ဖြစ်လေသည်။ဝေါဆရာတော်သည်အခြားစာပေအများအပြား ကိုလည်း စကားပြေရေ လကာင်္တို့ဖြင့်ပါ ရေးသားနိုင်းသောဆရာတော်ဖြစ်လေသည်။ နောက်ပိုင်း တွင် ဝေါဆရာတော်ပြီးနောက် ပိဋိကတ်တော်နှင့် ပတ်သက်သော စာပေများနှင့် အခြားဘာသာရပ် စာပေများကို ရေးသားရာတွင် ထင်ရှားသူမှာ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရဦးရွှေငိုပင် ဖြစ်လေသည်။ ဦး ရွှေငိုရေးသားထားသော စာပေများကို ပုံနှိပ်စာအုပ်အဖြင့် ရိုက်နှိပ်ထုတ်ဝေထားသည်ကို တွေ့ရလေ သည်။

မွန်တို့သမိုင်း အပိုင်း ၁ (ခ) (မွန်လူမျိုး ဘယ်က စလာတာလဲ)

သုဘိန္နနာဂရမြို့ပျက်ပြီးနောက် သထုံမြို့သို့ပြောင်းရွှေ့၍ ဥမိုမင်းဆက်(၅)ဆက်အုပ်ချုပ် လေသည်။ ထို့ နောက်သထုံမြို့တွင်ပင် သီဟသုဓမ္မရာဇာ- တိဿဓမ္မရာဇာ မည်သောမင်းမှစ ၍ မနူဟာမင်း အထိမင်းပေါင်း(၅၇)ဆက်အုပ်ချုပ်ပြီး သာသနာသက္ကရာဇ်၁၆၀၀ ခရစ်သက္ကရာဇ် (အေဒီ-၁၀၅၇)လောက်တွင် သထုံမြို့ကြီးနှင့်တကွ မွန်ရှင်ဘုရင်များ ကွယ်ပျောက်သွားလေသည်။ ထို့ကြောင့် မွန်တို့သည် သထုံဒေသတွင်ဘုရားမပွင့်မီနှစ်ပေါင်းငါးရာလောက်မှစ၍ မြို့ပြပြည် နယ်ထူထောင်ပြီး မင်းလုပ်အုပ်ချုပ်ခဲ့သောသူများဖြစ်ကြောင်းသိရလေသည်။မနူဟာမင်းဆက်ကို စတင်ထူထောင်သော သီဟသုဓမ္မရာဇာ - တိဿဓမ္မရာဇာလက်ထက်တွင် မြတ်စွာဘုရားရှစ် ဝါရသောအချိန်၌ သထုံဒေသသို့ ရဟန္တာများခြံရံလျှက် ဒေသစာရီကြွချီလာပြီး တရားဟောခြင်း၊ ဓာတ်တော်များကို ချီးမြင့်ခြင်းစသည့်များကိုပြုလုပ်ခဲ့သည်ဟုမွန်မှတ်တမ်းများအရသိရလေသည်။ ထို့ကြောင့် မွန်တို့သည် ဘုရားလက်ထက်တော်မှစ၍ မနူဟာမင်းအထိနှစ် ပေါင်းတစ်ထောင့် ခြောက်ရာ ကျော်သထုံဒေသတွင် မင်းလုပ်အုပ်ချုပ်သူများ ဖြစ်သည်ဟုဆိုရပေမည်။ ၁။သီဟသုဓမ္မရာဇာ-ဗန္ဓဒေဝီ၊ ၂။ သီရိဓမ္မသောကရာဇာ-သန္တီမိတြာဒေဝီ၊ ၃။ဓမ္မဿီရာဇာ သီရိဒေဝီ၊ ၄။ ဓမ္မဒဇ္ဖရာဇာ-သုဝဏ္ဏဒေဝီ ၅။ အင်ကုရရာဇာ -နန္ဒဒေဝီ ၆။ ဗလဒေဝရာဇာ ရမ္မဒေဝီ၊ ၇။ သီရိရာဇာ -ဘန္ဒြဒေဝီ၊ ၈။ ဇောတရာဇ-အဂ္ဂဝိမလာဒေဝီ၊ ၉။ သီရိဓမ္မသောကရာဇာ- သုဓမ္မါဒေဝီ၊ ၁၀။ ဥဒယရာဇာ-သုရုစီဒေဝီ၊ ၁၁။ ကာလဝဏ္ဏရာဇာ -သုဓမ္မဒေဝီ ၁၂။ အာဇိန္နကရာဇာ -သုကာဒေဝီ ၁၃။ မဟာသာလရာဇာ -သီလဒေဝီ ၊ ၁၄။ ဥရုဏ္ဏရာဇာ- ပြဘာဒေဝီ ၊ ၁၅။ နရသုရရာဇာ-သိဟဒေဝီ၊၁၆။ မဟာဘန္ဒြရာဇာ-သုဘဒ္ဒဒေဝီ ၊၁၇။ အနုဝရရာဇာ- အနုလာဒေဝီ၊ ၁၈။ သိရိဂုတ္တရာဇာ-ဂဇ္ဇဒေဝီ၊ ၁၉။ ဥရုဏ္ဏကရာဇာ-ဗန္ဓုကတီဒေဝီ၊ ၂၀။ ယုဂန္ဓရာဇာ- သိင်္ဂလဒေဝီ၊ ၂၁။ သုနန္ဒရာဇာ-သုနန္ဒဒေဝီ ၊ ၂၂။ ဗြဟ္မဒတ္တရာဇာ - အစလဒေဝီ၊ ၂၃။ ပုညရာဇာ -ဘောဂဒေဝီ၊၂၄။ အဝိကရာဇာ- စိတ္တဒေဝီ ၊၂၅။ပုရောဝဓိတရာဇာ-သုသံဒ္ဒယဒေဝီ၊၂၆။သာဓုရာဇာ -ရတ္တဒေဝီ၊ ၂၇။ ဓမ္မပါလ-ဒက္ခဒေဝီ၊ ၂၈။ သုဒဿနရာဇာ-သုဒ္ဓဒေဝီ ၂၉။ ယောဂဒိယရာဇာ ပဒုမ္မဒေဝီ၊၃၀။အသက္ကရာဇာ-သုမနဒေဝီ၊၃၁။ပဒုမ္မရာဇာ-ဂန္ဓဒေဝီ၊၃၂။ ဗန္ဓု ရာဇာ - ရမ္မကဒေဝီ၊ ၃၃။ သီလရာဇာ - သမ္မဒေဝီ၊ ၃၄။ မဟိသရာဇာ- သုဝဏ္ဏမာလာဒေဝီ၊ ၃၅။ဗလိကရာဇာ -သမ္မာဝါစာဒေဝီ၊ ၃၆။ ဇဗ္မုဥတ္တရရာဇာ-စိတ္တဒေဝီ၊ ၃၇။ ဒေဝရာဇာ - သုဓမ္မဒေဝီ၊ ၃၈။ကေသရရာဇာ - ဓမ္မပါလဒေဝီ၊၃၉။မုဏိရာဇာ-ဒေဝဓိတဒေဝီ၊၄၀။သက္ကရာဇာ-ပြဘာဝတီဒေဝီ၊ ၄၁။ကုသရာဇာ - ဂန္ဓဒေဝီ၊၄၂။နရဓိတရာဇာ- ကေသာနီဒေဝီ၊ ၄၃။ဝေလုရာဇာ- သိဟဒေဝီ၊ ၄၄။စိတ္တရာဇာ- ဥမဒ္ဒယန္တီဒေဝီ ၊ ၄၅ ။ ဗန္ဓရာဇာ - ဗန္ဓုဝတီဒေဝီ၊ ၄၆။ ဒီဃရာဇာသုဝဏ္ဏဒေဝီ၊ ၄၇။ သိဝိရာဇာ- သုဒ္ဓဒေဝီ၊၄၈။ဥရကရာဇာ- ကာမေဇာပညာဒေဝီ၊၄၉။ညေတ္တိရာဇာ- ညာတိက ဒေဝီ၊ ၅၀။သိရိဓမ္မာသောရာဇာ-ရာမ္မသာရဒေဝီ၊၅၁။မဟာစိတ္တဝရာဇာ-သုစိတ္တဒေဝီ၊၅၂။ ဗန္ဓရရာဇာ ဗန္ဓုဒေဝီ၊၅၃။ဇယသုမနရာဇာ-သုမကာဒေဝီ၊ ၅၄။ ဗန္ဓရာဇာ-ဓနုဒေဝီ၊၅၅။အဇီန္နရာဇာ-သုမနဒေဝီ၊ ၅၆။ဥဒိန္နရာဇာ-ရတနမာလာဒေဝီ၊၅၇။မနူဟာရာဇာ-နင်္ဂလာဒေဝီ။ ထိုသို့မင်းဆက်(၅၇)ဆက်နှစ်ပေါင်းတစ်ထောင်ခြောက်ရာကျော်မွန်တို့ သထုံဒေသတွင်မင်း လုပ်အုပ်ချုပ်စဉ်ထင်ရှားသောအဖြစ်အပျက်…. (၁) နဝမမြောက်မင်းဆက်ဖြစ်သော သီရိဓမ္မသောကရာဇာမင်းကြီးလက်ထက်၊သာသနာသက္ကရာဇ် ၂၃၆ခုနှစ်တွင် မဇျ္စိမဒေသမှ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် သောဏထေရ်နှင့်ဥတ္တရ ထေရ်တို့ သထုံသို့ရောက်လာခြင်းနှင့် (၂) မင်းဆက်(၂၇)ဆက်မြောက်ဖြစ်သော ဓမ္မပါလာနှင့် ဒက္ခဒေဝီတို့ သထုံတွင်မင်းလုပ်စဉ် သာသနာသက္ကရာဇ် ၉၀၀ကျော်လောက်တွင် ရှင်မဟာ ဗုဒ္ဓ္ခဃာသသည် သီ ဟိုဋ်ကျွန်း သို့ ထွက်ခွာ၍ ပိဋကတ်တော်များကို သွားရောက်ကူးယူသောအချိန်အခါပင်ဖြစ်လေ သည်။ သာသနာ သက္ကရာဇ် ၉၀၀ ကျော်သည် ခရစ်သက္ကရာဇ်လေးရာစု(အေဒီ-၃၅၆) ဖြစ်လေ သည်။ သထုံဒေသတွင်မွန်တို့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေစဉ် ရန်ကုန်ဘက်တွင်လည်းဥက္ကလာပ မင်း က တြိဂုမ္ဘမြို့ကို တည်ထောင်အုပ်ချုပ်နေသည်ကိုလည်းတွေ့ရလေသည်။ ဥက္ကလာမင်းသည် ဘုရားမပွင့်မီ အချိန်လောက်ကတည်းက မင်းလုပ်နေဟန်ရှိလေသည်။ အဘယ်ကြောင့် ဆိုသော် တဖုဿနှင့် ဘလ္လိကညီနောင်နှစ်ပါး မြတ်စွားဘုရားထံမှ ဆံတော်များကို ရန်ကုန်သို့ ယူဆောင် လာရာတွင် ဥက္ကလာပမင်းသည် ရန်ကုန်တွင်မင်း လုပ်အုပ်ချုပ်လျက်ရှိကြောင်း မွန်သမိုင်း မှတ် တမ်းအရ သိရလေသည်။ ဥက္ကလာပမင်းသည် ရွှေတိဂုံစေတီကို စတင်တည်ဆောက်သောဘုရင် ဖြစ်ပြီး မင်းဆက် (၃၂)ဆက်တို့က ရွှေတိဂုံဘုရားအား ပြုပြင်ပူဇော်ကြသည် ဟုသိရသည်။ ရန်ကုန်ဘက်တွင် ဥက္ကလာပမင်းက တြိဂုမ္ဘမြို့ကို တည်ထောင်အုပ်ချုပ်သကဲ့သို့ ယခုကျောက်တန်းမြို့နယ်၊ပါဒကြီးကျေးရွာတည်ရှိရာအရပ် တွင်လည်း ပါဒနိုင်ငံတစ်နိုင်ငံကို တည် ထောင်သည် ဟူ၍ သိရပေသည်။ သထုံဒေသတွင် မနူဟာမင်းဆက် ၅၇-ဆက်ကို ပထမ တည် ထောင်သော သီဟသုဓမ္မရာဇာ(တိဿဓမ္မသီဟရာဇာ) လက်ထက်တွင် သားတော်ကြီး တိဿ သောဂန မင်းသားအားနောက် ပါ အခြွေအရံများနှင့် အတူသထုံပြည်၏အနောက်မြောက်အရပ်တွင် တိုင်းသစ်ပြည်သစ်တည် ထောင်ရန်စေလွှတ်ခဲ့ရာ ယခုပါဒကြီး ကျေးရွာရှိရာ အရပ်သို့ရောက်သည့် အခါ ဤအရပ်ဒေသသည်ကုန်းမြေပြန့် လည်းဖြစ်၊ပင်လယ်ကမ်းခြေနှင့်လည်းနီစပ်သဖြင့်နန်းတည် ရန်သင့်၏ဟု ကြံရွယ်ပြီး မဟာသက္ကရာဇ် (၉၈) ခုနှစ်တွင် မြို့နန်းသစ် တည်ထောင်လျက် ပါဒ နိုင်ငံတော်ဟု သတ်မှတ်ခေါ် တွင်လျက် ပါဒမင်းဆက်ကို စတင်ခဲ့လေသည်။ ပါဒနေပြည်တော်တွင် စိုးစံခဲ့ကြသော မင်းများမှာ(၁) တိဿဘောဂသေနမင်း(မြို့နန်းတည် မင်း)၊(၂) တိဿနရသေနမင်း၊(၃)မြစောနောင်မင်း၊(၄) ဟံသာသေနမင်း၊(၅)ရာဇစောနောင်မင်း၊ (၆)နန်းစောရှင်မင်း၊(၇) ဇဟသေနမင်း၊ (၈) နာဂသီဟမင်း၊(၉)ရာဗေဒကမင်း၊(၁၀)နရကျော်မင်း၊ (၁၁)တွတ္ထနာဂမင်း၊(၁၂)အနုပီယမင်း၊(၁၃) ဒေါဓဟံမင်း၊(၁၄)ကန္နဝဇ္ဖမင်း၊ (၁၅)စောရဟန်မင်း၊ (၁၆)ဇေဏျဒကမင်း၊(၁၇)ဇေယျကျော်ထင်မင်း၊(၁၈)အောင်ဇေယျမင်း၊ ၊(၁၉) မင်းစောနှောင်မင်း၊ (၂၀)ကော့ဒွတ်မင်း၊(၂၁)ရာဇသေဝမင်း၊(၂၂)ရာဇကောဓမင်း၊(၂၃)နေသူရမင်း၊(၂၄)ကန္ဒမင်း၊(၂၅) နရာသဟမင်း၊(၂၆)စေပုလ္လမင်း၊(၂၇)ဝသူဇလမင်း၊(၂၈)စောဖျားကျော်မင်း၊(၂၉)တနုကမင်း၊(၃၀) စောဘုန်းကြွယ်မင်း၊(၃၁)စောစောနောင်မင်း၊(၃၂) စောဂလာမင်း၊(၃၃)မွန်မင်း၊(၃၄)နရန္ဒမင်းတို့ ဖြစ်ကြပါသည်။ ထိုမင်းဆက်(၃၄)ဆက်တွင် ထင်ရှားသောအဖြဟ်အပျက်များမှာမင်းဆက်ခုနှစ်ဆက်မြောက် ဖြစ်သောဇယနမင်းလက်ထက်၊ သာသနာသက္ကရာဇ် (၈၄)ခုနှစ်တွင် အိန္ဒိယ မဟာဗောဓိမှ ရဟန္တာ အရှင်မြတ်များ ပင့်ဆောင်လာသော ဆံတော် ၊ သွားတော်နှင့်ဓမ္မကဂိုဏ်း ရေစစ်တော်တို့ကို မှော်ဝန် မြစ်၏အလည်ပေါ်ထွန်းနေသော ဂဝံကျောက်ကျွန်းပေါ်တွင် စေတီတည်ပြီူ ဌာပနာထားက “ ကျိုက် မျှော်ကလော့ ” စေတီဟုဘွဲ့အမည် သတ်မှတ်ခဲ့သည်။ မွန်အမည်မှန်မှာ “ ကျိုက်တံၜကလောံ” (ကျာ်- ဘုရားစေတီ၊ တံၜ-ကျောက် ၊ ကလောံ-အတုံး ၊ ကျောက်တုံးပေါ်တွင် တည်ထားသောစေတီ)ဟု အဓိပ္ပါယ်ရသည်။ ၎င်းနောက် သာသနာသက္ကရာဇ် ၂၃၈ မင်းဆက်(၁၁)ဆက်မြောက် တွတ္ထနာဂမင်း သီဟိုဋ် ကျွန်းသို့ တိုင်းခန်းလှည့်လည်စဉ် မဇ္ဈိမဒေသမှသာသနာပြုရဟန္တာအရှင်မြတ်များကြွလာတော်မူ သည်နှင့်ကြုံပြီး ရဟန္တာ အရှင်သူမြတ်များထံမှ ရရှိသည့် ဆံတော်ဓာတ်တစ်ဆူနှင့် ဓာတ်တော် ကိုး ဆူ ကို မူလကျိုက်မျှော်ကလော့(ကျိုက်တၜံကလော့ )စေတီတွင်ထပ်မံဌာပနာလျက် ကျိုက်မှော် ဝန်းဟူသော ဘွဲ့အမည်တော် သတ်မှတ်လေသည်။ မွန်အမည်မှာ ( ကျာ်- စေတီဘုရား ၊တၜံ- ကျောက်၊ ဝါန် -ဂဝံ)“ ဂဝံကျောက်ပေါ်တွင်တည်ထားသော ဘုရား” ဟု အဓပ္ပါယ်ရသည်။ ပါဒနိုင်းငံတော်သည် ပထမမြောက်ဘုရင် တိဿဘောဂသေနမင်းမှ (၁၁)ဆက်မြောက် တွ တ္ထနာဂမင်းကြီး တိုင်အောင် သာသနာတိုးတက်ကြီးပွာရန်ဆောင်ရွက်ခဲ့ကြပြီး ကျန်မင်းဆက်အများ စုမှာ အချင်းချင်းတိုက်ခိုက်နန်းလုနေကြသဖြင့် ပါဒနေပြည်တော်သည် နန်းသက်နှစ် နှစ်ရာခန့် အတွင်း မင်းဆက်ပျက်သုန်းခြင်း အဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ သထုံ၊ ရန်ကုန် နောက်သာသနာသက္ကရာဇ် ၁၁၁၆၊ တပို့တွဲလပြည့်ကျော် တစ်ရက်နေ့ တွင် သံသာဝတီမြို့ကို တည်ထောင်သော သမလ၊ ဝိမလညီနောင်နှစ်ပါးသည် သထုံမှထွက်ခွာသွား ပြီး ပဲခူး၊ ဟံသာဝတီကိုတည်ထောင်သောသူများ ဖြစ်လေသည်။ ပဲခူး ၊ဟံသာတီတွင်သမလမှစ၍ မင်းဆက်(၁၇)ဆက်အုပ်ချုပ်ပြီးနောက် ပဲခူးမြို့လည်း ဆိတ်သုဉ်း ပျောက်ကွယ်သွားပြန်သည်။ ၁။ သမလမင်း ၂။ ဝိမလမင်း၊ ၃။ အသားမင်း၊ ၄။ အရိန္ဒမမင်း၊ ၅။ မဟိသမင်း၊ ၆။ နာ ဂိန္ဒမင်း၊၇။ မိဂ္ဂဒီပ(အကြီး)မင်း၊ ၈။ ဂဇ္ဇဒီပိယမင်း၊ ၉။ ကရိဝိကမင်း ၊ ၁၀။ ပဉ္စာလမင်း၊ ၁၁။အတ္တသာ ရမင်း၊ ၁၂။ အနုရာမမင်း၊ ၁၄။ မိဂ္ဂါဒီပ(အငယ်)မင်း၊ ၁၄။ အဂ္ဂသောမန္တမင်း၊ ၁၅။ ဥပလရာဇမင်း၊ ၁၆။ ပုန္နရိကမင်း ၁၇။ တိဿမင်း -သုဘဒ္ဒါဒေဝီ။ သမလ၊ဝိမလမင်းဆက်(၁၇)ဆက်တွင် ထင်ရှားသောအဖြစ် အပျက်များမှာ………… (၁) သမလ၊ဝိမလမင်းတို့က ရွှေမော်ဓောဘုရားကို စတင်တည်ဆောက်ခြင်း၊ (၂) အသားမင်းသာက အိန္ဒိယမှလာသော ကုလား လူစွမ်းကောင်း လမ်းဗာနှင့် ထိုးသတ် ရာတွင် အောင်ပွဲရရှိခြင်း၊ (၃) မင်းဆက် (၁၃) ဆက်မြောက် မဂ္ဂါဒီပ (အငယ်)မင်းက ရွှေသာလျှောင်းဘုရားကို တည်ဆောက်ခြင်း၊ (၄) နောက်ဆုံးမင်းဆက် (၁၇)ဆက် ဖြစ်သော တိဿမင်းသည် မိစ္ဆာအယူတွင်သက်ဝင် ယုံကြည်ရာ၌ သုဒ္ဒါအမျိုးသမီးက တိဿမင်းအား ဗုဒ္ဓဘာသာ အယူဝါဒ ဘက်သို့ပြန်လည် ယုံကြည်လာအောင် စွမ်းဆောင်နိုင်းခြင်း၊ စသည့်အဖြစ်အပျက်များကို တွေ့ရှိရလေသည်။ မြန်မာပြည်အောက်ပိုင်းသထုံ ၊ ရန်ကုန် နှင့် ပဲခူးဒေသတို့တွင် မွန်တို့သည်မြို့ရွာတည် ထောင်ပြီး အုပ်ချုပ်မင်းလုပ်နေစဉ် ထိုင်းနိုင်းငံတောင်ပိုင်းတွင်လည်း လပ်ပူရီ(LOBURI) မြို့ ကို မြို့တော်အဖြစ် တည်ထောင်က ဒွါရဝတီပြည်ကိုတည်ထောင်သော ဘုရင်များလဲရှိသည် ဟု သိ ရလေသည်။ ဒွါရဝတီကို အုပ်ချုပ်နေစဉ် ၁၀ရာစု၁၁ရာစုလောက်တွင်ထိုင်းနိုင်းငံအရှေ့ကမ္ဘောဒီးယား ပြည်မှ မွန်ခမာအနွယ်ဖြစ်သော ခမာလူမျိုးများ ဝင်ရောက်တိုက်ခိုက်သေကြောင့် ဒွါရဝတီ မှ မွန်တို့သည် ထိုင်းနိုင်းငံ မြောက်ပိုင်းသို့ပြောင်းရွေ့ပြီး လန်ဖွန်ဒေသတွင် မြို့ပြတည်ထောင်အုပ် ချုပ်ပြန်လေသည်။ ထိုဒေသတွင် အုပ်ချုပ်မင်းလုပ်သူမှာ “ကျမ်ဒေဝီ” ဟူသော ဘုရင်မဖြစ်ပြီး မြို့၏ အမည်မှာ “ ဟရိပုဉ္စ” ဟုခေါ်တွင်လေသည်။ ဟရိပုဉ္စတိုင်းသည် ထိုင်းနိုင်းငံတွင် မွန်တို့နောက်ဆုံး အခြေစိုက် တည်ထောင်သော နေရာဖြစ်သည်ဟု သိရလေသည်။ အဘယ်ကြောင့်ဆိုသော် ၁၂ ရာစု ပြီးနောက် ထိုင်းနိုင်းငံတွင်းသို့ ယိုးဒယား လူမျိုးများ ဝင်ရောက်ပြီး နောက်မွန်များ ကွယ်ပျောက် သွားသည်ကို တွေ့ရသောကြောင့် ဖြစ်လေသည်။ ထိုင်းနိုင်းငံတွင် ၁၂ ရာစုပြီးနောက် မွန်တို့သည်မြို့ပြတည်ထောင်ပြီး အုပ်ချုပ်မင်းလုပ်နိုင်း ခြင်း မရှိသော်လည်ုးမြန်မာပြည်တွင်း၌မူကား ဝါရီရူးမင်းသည် မုတ္တမမြို့တွင် ကောဇာသက္ကရာဇ် ၆၄၃ခု(အေဒီ၁၂၈၁)တွင် မွန်မင်းဆက်အသစ်ကို စတင်တည်ထောင်နိုင်းသောသူဖြစ်သည်။ ဝါရီရူး မင်းဆက်တွင် မင်းပေါင်း(၁၈)ဆက်သည် မုတ္တမနှင့် ဟံသာဝတီမြို့များကိုတည်ထောင်အုပ်ချုပ်ကြ လေသည်။ ဝါရီရူးမင်းဆက်၏ နောက်ဆုံးမင်းဆက်မှာ “သူရှင်တကာရုပ္ပိ” ပင်ဖြစ်ပြီး ကောဇာသက္က ရာဇ် ၉၀၀(အေဒီ - ၁၅၃၈)လောက်တွင် မွန်မင်း ဆက်သည် တောင်ငူမှ မင်းတရားရွှေထီးနှင့် ဘုရင့်နောင်တို့၏ စွမ်းရည်သတ္တိကြောင့် ကွယ်ပျောက်ရပြန်လေသည်။ မင်းအမည် မင်းပြုသည့်နှစ် ၁။ဝါရီရှူမင်း ၆၄၃ - ၆၆၈ မုတ္တမ(အေဒီ၁၂၈၁ - ၁၃၀၆) ၂။မကဒါမင်း ၆၆၈ - ၆၇၂ မုတ္တမ ၃။စောအောမင်း ၆၇၂ - ၆၈၅ မုတ္တမ ၄။စောဇိတ်မင်း ၆၈၅ - ၆၉၂ မုတ္တမ ၅။ဇိတ်ဗန်မင်း (ရ) ရက် မုတ္တမ ၆။အိုင်ကန်ကောင် (၄၉) ရက် မုတ္တမ ၇။ဗညားအိုင်လယ် ၆၉၂ - ၇၁၀ မုတ္တမ ၈။ဗညားအူး ၇၁၀ - ၇၃၁ မုတ္တမ(အေဒီ၁၃၄၈ - ၁၃၈၅) ၇၃၁ - ၇၄၅ မုတ္တမ ဟံသာဝတီ ၉။ရာဇာဓိရာဇ် ၇၄၅ - ၇၈၃ ဟံသာဝတီ(အေဒီ၁၃၈၅ - ၁၄၂၃) ၁၀။ဗညားဓမ္မရာဇာ ၇၈၃ - ၇၉၀ ဟံသာဝတီ ၁၁။ဗညားရန် ၇၉၀ - ၈၀၈ ဟံသာဝတီ ၁၂။ဗညားဗရော ၈၀၈ - ၈၁၁ ဟံသာဝတီ ၁၃။ဗညားကျန်း ၈၁၁ - ၈၁၄ ဟံသာဝတီ ၁၄။လိပ်မွန်ထော်(ဗညားဒိဗ္ဗ) (ရ)လ ဟံသာဝတီ ၁၅။ရှင်စောပု ၈၁၄ - ၈၃၂ ဟံသာဝတီ ၁၆။ဓမ္မစေတီမင်း ၈၃၂ - ၈၅၃ ဟံသာဝတီ ၁၇။ဗညားရန်(ဗညားရာ) ၈၅၃ - ၈၈၈ ဟံသာဝတီ ၁၈။သူ့ရှင်တကာရုပ္ပိ ၈၈၈ - ၉၀၀ ဟံသာဝတီ (အေဒီ၁၅၂၆ - ၁၅၃၈) ဝါရီရှူးမင်းဆက်တွင် ထင်ရှားသောဘုရင်များမှာ ဝါရီရှူးအပြင်မင်းဆက်ရှစ်ဆက်မြောက် ဖြစ်သော ဗညားအူးမင်းသည် မုတ္တမမှ ဟံသာဝတီတွင် ထီးနန်းတည်ဆောက်ကာ ပြောင်းရွှေ့အုပ် ချုပ်လေသည်။ ဟံသာဝတီမြို့တော်ကို ကောဇသက္ကရာဇ် ၇၂၆ တွင်တည်ဆောက်လေသည်။ဗညား အူး၏သားတော် ရာဇာဓိရာဇ်မှာလည်း ဤမင်းဆက်တွင် ထင်ရှားသော ဘုရင်တစ်ပါးဖြစ်ခဲ့လေ သည်။ ရာဇာဓိရာဇ်ပြီးနောက် ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့သည်လည်းအလွန်ထင်ရှားကျော်ကြား ကြသော မွန်ဘုရင်များ ဖြစ်ကြလေသည်။ ဝါရီရှူးမင်းဆက်သည် ကောဇာသက္ကရာဇ်(၉၀၀)လောက်တွင် ကုန်ဆုံးသွားပြီးနောက် နောက်ဆုံး မွန်ဘုရင်တစ်ပါးအနေဖြင့် ပေါ်ထွန်းလာသူမှာ ဗညားဒလပင်ဖြစ်လေသည်။ ဗညားဒလ သည် ကောဇာသက္ကရာဇ်(၁၁၀၈) ခုနှစ် (အေဒီ ၁၇၄၇ - ၁၇၅၉)တွင် ဟံသာဝတီကို စုစည်းတည် ထောင်ပြီး မင်းလုပ်အုပ်ချုပ်ရာ(၁၁၁၉) ခုနှစ် တိုင်ပင် ဖြင့်တော့သည်။ ဗညားဒလသည် ဦးအောင် ဇျေယျ၏ စွမ်းရည်သတ္တိကို မယှဉ်နိုင်သဖြင့် ကျဆုံးသွားရလေသည်။ထိုအချိန်မှစ၍မြန်မာပြည်တွင် နောက်ထပ်မွန်တို့ ထပ်မံပြီး မြို့ပြတည်ထောင်ကာ မင်းလုပ်အုပ်ချုပ်သော ဘုရင်၍ ယနေ့တိုင် မပေါ်ထွန်းလာခဲ့ပေ။

မွန်တို့သမိုင်း အပိုင်း ၁ ( က) ( မွန်တို့ဘယ်ကစလာသလဲ)

ဤမေးခွန်းကို မွန်အချို့တို့က “မွန်ဟာမွန်ကပဲလာပါတယ်” မွန်ဆိုတာ တရုတ်က အိန္ဒိယကလာတယ်ဆိုတာကို လက်မခံနိုင်ဟုဆိုကြပါသည်။ ဤအဖြေသည် ယခုသိပ္ပံခေတ်တွင် ခေတ်မမီသော အဖြေဖြစ်နေပေသည်။ ယခု သိပ္ပံခေတ်တွင် သမိုင်းကို အထောက်အထားပြည့်စုံစွာ ဖြင့် ဖော်ပြမှသာလျှင် လူအများက လက်ခံနိုင်းပါသည်။ အထောက်အထား မပြနိုင်သောသမိုင်းကို ယခုခေတ်လူတို့က လက်မခံလိုကြပေ။ ထို့ကြောင့် ကျွန်တော်တို့ မွန်လူမျိုးနှင့်တကွ အခြားသော လူမျိုးများ လက်ခံနိုင်သော အထောက်အထားနှင့် ပြည်စုံသည့်မွန်နှင့် ပတ်သက်သော သမိုင်းကို တင်ပြရန် လိုအပ်ပေသည်။ လူမျိုးတစ်မျိုး၏ စတင်လာပုံကို လေ့လာရာ၌ သမိုင်းပညာရှင်များက သိပ္ပံနည်း ကျသော ဘာသဗေဒ၊ မနုဿဗေဒ စသည့် ပညာရပ်များဖြင့် လေ့လာကြလေသည်။ အထက်ပါ နည်းများဖြင့် ကမ္ဘာပေါ်ရှိ လူမျိုးများ၏ စတင်ပေါ်ပေါက်လာပုံ၊ ပြောင်းရွှေ့နေထိုင်ပုံ နှင့် အချို့ပျောက်ကွယ်သွားပုံ စသည့် သမိုင်းများကို ဖော်ထုတ်နိုင်းလေသည်။ မွန်တို့၏အစကိုရှာရာတွင် တစ်ဖက်ပါ စာမျက်နှာတွင် ဖော်ပြထားသည့်အတိုင်း မောင်း ဂွတ်လူမျိုးမှစတင် ဆင်းတက်လာသည်ဟု ဆိုရပေမည်။ မောင်းဂွတ်လူမျိုးမှ စ၍ လူမျိုးစု နှစ်စု ကွဲသွားပြန်လေသည်။ တစ်မျိုးကို…သြစရစ် ဟုခေါ်ပြီး ကျန်တစ်မျိုးကို တိဗက်တိုတရုတ် ဟုခေါ်ဆိုလေသည်။ လူမျိုးတစ်မျိုးသည် ဒေသတစ်ခုတွင်နေထိုင်ရာမှ လူဦးရေး တိုတက် ပြီး စီးပွားရေးအရ ကျပ်တည်းလာသည့်အခါ မိမိတို့၏ အသက်ရှင်နေရေးအတွက် ဒေသတစ်ခု မှ အခြားဒေသတစ်ခုသို့ ပြောင်းရွေ့ လုပ်ကိုင်စားသောက်ကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။ ထိုနည်း တူ မောင်းဂွတ် လူမျိုးတို့သည်လည်း အသက်ရှင်ရေးအတွက် နေရာဒေသတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရွေ့ လုပ်ကိုင်စားသောက်ကြလေသည်။ ဤသို့ပြောင်းရွေ့ရာမှ အချိန်ကာလကြားညောင်း လာသောအခါနေထိုင်သောဒေသတို့လည်းတစ်ခုနှင့် တစ်ခုမတူသောကြာင့် သြစရစ်နှင့်တိဗက်တို တရုတ် ဟူ၍ကွဲပြားသွားလေသည်။ သို့သော်၎င်းတို့မှာမောင်းဂွတ်အနွယ်များပင် ဖြစ်တော့သည်။ သြစရစ်လူမျိုးတို့လည်း ရေကြည်ရာမြက်နုရာကိုရှာကြံ၍ စီးပွားရေးအတွက် နယ်မြေ ဒေသ တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရွေ့နေထိုင်ရာတွင် သြစထရိုအရှေတစ် နှင့် သြစထရိုနီး ရှင်း ဟူ၍လူနှစ်မျိုးပေါ်လာ ပြန်လေသည်။ ထိုနည်းတူစွာပင် တိဗက် တို တရုတ်တွင်လည်း တိဗက်တိုဘာမင်းနှင့် ထိုင်းတရုတ်ဟူ၍ လူမျိုးနှစ်မျိုး ဖြစ်ပေါ်လာ လေသည်။ သြစထရိုနီးရှင်း အမျိုးအနွယ်တို့သည်မြန်မာပြည်၊ယိုးဒယားပြည်နှင့်မလေးကျွန်းဆွယ်ဘက်သို့ ဆင်းသက်သွား ရာ တွင် နီဂရစ်တိုလူမျိုး၊ဆလုံလူမျိုး၊မလေးရှားလူမျိုးအဖြစ်နေထိုင်သွားလေသည်။ သြစထရိုအေရှတစ်အနွယ်တို့သည် သြစထရိုနီးရှင်းအနွယ်ကဲ့သို့ပင်၊ အာရှတောင်ပိုင်းသို့ မဆင်းသက်ခင် တရုတ်ပြည်၊ ယန်စီကျန်မြစ်ဝှမ်းတွင် မွန်ခမာလူမျိုးအသွင်ဖြင့် တစ်စုတစ်ရုံးတည်း အခြေချလုပ်ကိုင် စားသောက်ကြလေသည်။ ကျန် ဟူသောဝေါ်ဟာရသည် တရုတ်လူမျိုးတို့၏ ဝေါ်ဟာရမဟုတ်ဘဲ ကြုင် ဟူသော မွန်ခမာဝေါ်ဟာရအဖြစ် ယခုတိုင်ခေါ်ဝေါ်သုံးစွဲနေကြသည်ကို ထောက်၍ ယန်စီကျန်မြစ်ဝှမ်းသည် မွန်ခမာတို့၏ ဒေသဟောင်းဖြစ်သည်ဟု ယူဆရလေသည်။ ကြုင် ဟူသောအဓိပ္ပာယ်မှာ မွန်ဘာသာအရ မြစ်“ ဟူ၍ပင်ဖြစ်လေသည်။ တရုတ်ဘာသာအရ မြစ် ကို“ ဟို“ ဟူ၍ခေါ်လေသည်။တရုတ်ပြည်မြောက်ပိုင်းရှိမြစ်အမည်မှာ“ ဟိုအန်ဟို“ ဟုတရုတ် ဘာသာ အရ ဖြစ်ပြီး မြန်မာလို အဓိပ္ပာယ်မှာ မြစ်ဖြစ်လေသည်။ မွန်ခမာလူမျိုးတို့သည် ယန်စီကျန် မြစ်ဝှမ်းတွင် တစ်စုတစ်ရုံတည်း နေထိုင်ရာတွင် စိုက်ပျိုးရေးလုပ်ငန်း၌ စနစ်တကျလုပ်ကိုင်နိုင်သော လူမျိုးဟု ယူဆရလေသည်။အဘယ်ကြောင့်ဆို သော် ယန်စီကျန်မြစ်ဝှမ်းသည် စိုက်ပျိုးရေးအတွက် အလွန်တရာမှကောင်းမွန်သောဒေသဖြစ်သော ကြောင့်ပင်ဖြစ်သည်။ မွန်ခမာတို့သည် ယန်စီကျန်မြစ်ဝှမ်းတွင်မည်သို့ပင် လုပ်ကိုင်စားသောက်၍ ကောင်းစေကာမူမြောက်ပိုင်းမှလူမျိုးများ၏ ပြောင်းရွေ့ လာမူကြောင့်လည်းကောင်း၊ မိမိလူမျိုးများ ၏ ဦးရေလည်းတိုးတက်မူများပြားလာသဖြင့် အကျပ်အတည်းနှင့်တွေ့ရသောကြောင့်လည်းကောင်း တောင်ပိုင်းသို့ ပြောင်းရွေ့လာကြသည်ဟု ယူဆရပေသည်။ ထိုသို့ပြောင်းရွေ့လာရာတွင် အင်ဒို ချိုင်းနား ဘက်သို့ ဆင်းသက်လာသော အုပ်စုများသည် ဗီယက်နမ်ဒေသတွင် ဗီယက်နမ်လူမျိုး အဖြစ် လည်းကောင်း၊ ကမ္ဘောဒီးယား ဒေသတွင်ခမာလူမျိုးအဖြစ်လည်းကောင်း၊ ယိုးဒယား(ထိုင်း) နှင့် မြန်မာပြည် တောင်ပိုင်းတွင် မွန်လူမျိုး အဖြစ် လည်းကောင်း၊ မြန်မာပြည် မြောက် ပိုင်း တွင် ပလောင်း ၊လဝ ၊ ဝ ၊ ရိယန်လူမျိုးများအဖြစ်လည်းကောင်း၊ အိန္ဒယပြည် သို့ ဗြဟ္မပုတ္တရ မြစ်အတိုင်း ဝင်ရောက်သွားသောမွန်ခမာတို့သည် ဒက္ခိဏကုန်းတွင် မုဏ္ဍလူမျိုးအဖြစ်လည်းကောင်း၊ ဘင်္ဂလား နယ်တွင် ဆန်သာ(လ်) လူမျိုး အဖြစ်လည်းကောင်း အာသံနယ်တွင် ခါဆီလူမျိုး အဖြစ် လည်းကောင်း အခြေချနေထိုင် သည်ကိုတွေ့ ရလေသည်။ အဆိုပါ မွန်ခမာအနွယ်ဘွား လူမျိုးများသည် တစ်ချိန်က ဒေသတစ်ခု အတွင်းတွင် တစ်စုတစ်ရုံးတည်း နေထိုင်ရသဖြင့် မိမိတို့ပြေားကြားသော စကားသည် တစ်မျိုးတည်းပင် ဖြစ် သော်လည်း အခြားဒေသများတွင် သွားရောက် အခြေချ လုပ်ကိုင်စားသောက်ကြရသဖြင့်လည်း ကောင်း၊ မိမိ တို့နှင့် အနွယ်တူ အခြားအုပ်စုနှင့်အချိန်ကြာမြင့်စွာ ကွဲကွာပြီးနေရသဖြင့် လည်းကောင်း၊ မိမိတို့ ပြေားဆိုသော မူရင်းဘာသာစကားအပြင် အခြားဝေါဟာရများကိုလည်း သုံးစွဲ ရသဖြင့် ဝေါဟာရတိုးတက်များပြားလာသည်တွင် ဝေါဟာရအသစ်များတွင် မိမိတို့ အနွယ် များ နှင့် မတူသောဝေါဟာရများကိုထည့်သွင်းသုံးစွဲရလေသည်။ သို့သော်လည်းမိမိတို့ မူရင်းမွန် ခမာ ဝေါဟာရ မူကား မပျောက်မပျက်သုံးစွဲလျက်ရှိသည်ကို တွေ့ရလေသည်။ ဤအခြေအနေပေါ် တွင် မူတည်ပြီး ဘာသာဗေဒဆရာများက လူမျိုးများဆင်းသက်လာပုံကို ဖော်ထုတ်နိုင်ခြင်း ဖြစ်လေသည်။ ထို့ကြောင့်ဗီယက်နမ် ၊ ခမာ၊ မွန်၊ ပလောင် ၊ လဝ ၊ ဝ ၊ ရိယန် ၊မုဏ္ဍ၊ ဆန်သာ(လ်)၊ ခါဆီ စသော လူမျိုးများသည် မွန်ခမာအုပ်စုမှ ပေါက်ပွားလာသော အလွန်နီးစပ်သည့်ညီအကိုမောင်နှမ များဟုဆိုရပေမည်။ ထိုနည်းတူ တိဗက်တိုဘားမင်း အုပ်စုမှ ပေါက်ပွားလာသော လူမျိုးများမှာ ပျူ ၊ ကမ်းယံ သက်၊ ချင်း ၊ ကချင် ၊ဗမာ ၊ ကရင်လူမျိုးများဖြစ်သည် ဟုဘာသာဗေဒဆရာများက ဆိုပါသည်။ နောက်ဆုံး ထိုင်းတရုတ်အုပ်စုမှ ပေါက်ပွားလာသော လူမျိုးများမှာ ရှမ်း၊ ရှမ်းတရုတ်နှင့် ရှမ်းဗမာများပင် ဖြစ်ကြလေသည်။ ထို့ကြောင့် ယုခုအခါအရှေ့ အာရှတောင်ပိုင်းတွင် နေထိုင်ကြသောလူမျိုးမှာ မောင်ဂွတ် လူမျိုးမှစ၍ ဆင်းသက်လာပြီး မိမိတို့ကြိုက်နှစ်သက်ရာဒေသတွင် အခြေချနေထိုင်ကြသောဆွေမျိုး ပေါက်ဖော်များပင်ဖြစ်ကြောင်း သိသာနိုင်းလေသည်။ မွန်လူမျိုးတို့၏ နယ်ပယ်နှင့် မင်းဆက်များ သမိုင်းဆရာတို့၏ တွေ့ရှိချက်အရလည်ကောင်း၊ မွန်မှတ်တမ်းများအရလည်ကောင်း မွန် လူမျိုးတို့သည် ခရစ်မပေါ်မီနှစ်ပေါင်းတစ်ထောင်ကျော်(ဘီစီ -၁၀၀၀) အချိန်လောက်တွင် ထိုင်း နိုင်းငံတောင်ပိုင်ူနှင့် မြန်မာပြည်အောက်ပိုင်း ဒေသများတွင် စနစ်တကျ အခြေချနေထိုင်ရာ တွင် စိုက်ပျိုးရေးဖြင့် ကုန်ထုတ်လုပ်ငန်းကို လုပ်ဆောင်ကြပြီး စနစ်ကျသောလူ့အဖွဲ့အစည်းကို ဖွဲ့စည်းကာ မြို့ပြနယ်များကို ထူထောင်ပြီး နေထိုင်ကြသည်ဟု သိရသည်။ ထို့ကြောင့် ထိုင်းနိုင်းငံတွင် အခြေချနေထိုင်ကြသော မွန်လူမျိုးတို့သည် “ဒွါရဝတီ” ဟူသော အမည်ဖြင့် တိုင်းပြည်တစ်ပြည်ကို ထူထောင်လေသည်။ဒွါရဝတီမြို့တော်မှာ “လပ်ပူရီ” ဟုခေါ်ဆို လေသည်။ တစ်ချိန်တည်းတွင် မြန်မာပြည်အောက်ပိုင်းတွင် အခြေချနေထိုင်ကြသော မွန်လူမျိုးတို့ သည် (ဘီစီ-၁၀၀၀) လောက်တွင် သထုံနယ်ရှိယခုခေတ်ခေါ်ကေလာသတောင်ပတ်ဝန်းကျင်တွင် “သုဓမ္မဝတီမြို့ ” ကိုတည်ထောင်ပြီး အုပ်ချုပ်မင်းလုပ်သူမှာ “သုဓမ္မနဝမင်း” ဟုဆိုလေသည်။ သုဓမ္မာနဝ မင်းဆက်၂၄ဆက်အုပ်ချုပ်ပြီးနောက်၎င်းနေရာတွင်ပင်“သုဘိန္နနာဂရ ”မြို့ဟုခေါ်တွင်ပြီး ကဏ္ဏကာရ မင်း(၃)ဆက်အုပ်ချုပ်မင်းလုပ်ပြန်လေသည်။

Sunday, 13 October 2013

မွန်တိုင်းရင်းသားတွေဆီရောက်ခဲ့တယ် ခင်မောင်ညို(ဘောဂဗေဒ)

မွန်တိုင်းရင်းသားတွေဆီရောက်ခဲ့တယ် ခင်မောင်ညို(ဘောဂဗေဒ)

ယူနန်တက္ကသိုလ်ပါမောက္ခကတိုင်းရင်းသားကျေးရွာတစ်ရွာမှာသွားပြီးတစ်ညအိပ်ကြမယ်ဆိုတော့ဘယ်လိုရွာမျိုးပါလိမ့်လို့ စိတ်ပူမိတယ်။ ကွေ့ကျိုးတက္ကသိုလ်ဆွေးနွေးပွဲဒုတိယရက်မှာနေ့ခင်းပိုင်းရောက်တော့လည်းတခြားတိုင်းရင်းသားရွာတစ်ရွာကိုပို့ပေးခဲ့တာကိုး။ ကွေ့ယမ်းကနေ ၃ နာရီလောက် ကားမောင်းလာတော့ ခိုင်လီဆိုတဲ့မြို့ကိုရောက်တယ်။ ဒီမြို့ကမှတ်ရတာအလွယ်ဆုံးပဲ။ ကိုယ့်ဆီမှာရှိတဲ့ တရုတ်ဆိုင်တစ်ဆိုင်ရဲ့နာမည်နဲ့တူတာကိုး။ စာရေးတဲ့နံနက်ခင်းမှာ ကြက်တွန်သံတွေ၊ ခွေးဟောင်သံတွေ ကြားရလို့ ရယ်ချင်မိတယ်။ လွယ်လွယ်ပြောရရင် ကျိုက်ထီးရိုးဘုရားဖူးသွားရသလိုပဲ။ ဘုရားတော့မရှိဘူး။ တဲတန်းတွေ တန်းစီနေသလိုဒီမှာလည်းတိုက်တွေ၊ ဆိုင်တွေ တန်းစီနေတဲ့လမ်းနှစ်လမ်းရှိတယ်။ တောင်ပေါ်တက်ဖို့ ကားရှိတယ်။ လမ်းဟောင်းရယ်၊ လမ်းသစ်ရယ် ရှိတာမှာ မြစ်ဘေးကလမ်းသစ်နဲ့ မြစ်တစ်ဖက်ခြမ်းမှာဟိုတယ်တွေ အထပ် ထပ်ရှိတယ်။ ဟိုတယ်တွေဆိုပေမယ့် သစ်သားနဲ့ဆောက်ထားပြီးအဝါရောင်သုတ်ထားတဲ့ မွန်ရိုးရာအိမ်ပုံစံတွေပါ။ မွန်ရိုးရာအိမ်တွေကိုလာပြီးSketchဆွဲနေကြတဲ့ ကျောင်းသားကျောင်းသူတစ်စုကိုလည်းတွေ့ရတယ်။ ခိုင်လီကိုရောက်တော့ နေ့လယ်စာစားချိန်မှာငါးချဉ်စပ်ကြေးအိုးနာမည်ကြီးတဲ့ဆိုင်တစ်ဆိုင်မှာနေ့ လယ်စာဝင်စားကြတယ်။ အစပ် မစားနိုင်ဘူးဆိုလို့ သိပ်မစပ်တဲ့ ဟင်းရည်ကိုမှာပေးကြပါတယ်။ တွဲစားတော့ ထမင်းကကောက်ညှင်းလိုပေါင်းထားတာ။ ဒီဘက်မှာအဲဒီလို ရိုးရာပေါင်းအိုးနဲ့ ချက်ထားတဲ့ ထမင်းကိုပဲစားရတယ်။ ရိုးရာအသုံးအဆောင်တွေပြထားတဲ့ပြခန်းမှာပေါင်းအိုးနဲ့အတူခေါင်ရည်ချက်တဲ့အသုံးအဆောင်တွေ၊ မြွေတွေ စိမ်ထားတဲ့ ဆေးပုလင်းတွေကိုပဲတွေ့ရတယ်။ ညနေငါးနာရီလောက်မှလုပ်တဲ့ ရိုးရာကပွဲမှာသုံးဖက်သုံးတန် လူပြည့်တာကိုကြည့်ပြီးဒီနေရာကိုရောက်နေတဲ့ ဧည့်သည်တွေ ထောင်ချီပြီးရှိမယ်လို့ တွက်ဆမိပါတယ်။ မွန်လူမျိုးတွေထက် ဧည့်သည်တွေကိုပိုတွေ့မိတယ်။ ညနေစာစားချိန်မှာတော့ ဆိုင်အဝင်မှာ ရိုးရာထုံးစံအတိုင်းဂီတနဲ့ကြိုတယ်။ ကျွဲချိုထဲခေါင်ရည်ထည့်ပြီးတိုက်တယ်။ ထမင်းစားနေတုန်းမှာလည်းပလွေ လာမှုတ်ဖျော်ဖြေပြီးခေါင်ရည်ထပ်တိုက်ပြန်တယ်။ ရိုးရာအရ ငြင်းမရဘူးဆိုလို့ ပါးစပ်နဲ့ တေ့ရုံတေ့ထားရတယ်။ ကျွဲချိုကိုသွားကိုင်ရင် အကုန်သောက်ရမယ်လို့ ဧည့်လမ်းညွှန်ကမှာထားတော့ လက်ကာပဲကာပြရတယ်။ လေးခါးလောက် အတိုက်ခံရတဲ့ မိတ်ဆွေပါမောက္ခ တော့ အတော်လေးအီသွားပုံရတယ်။ ဧည့်သည်တွေများ၊ မိန်းကလေးတွေလည်းများ၊ အချောအလှတွေလည်းများလို့ အလှကြားမှာရီဝေရာကထပ်ပြီးရီဝေစရာဖြစ်သွားကြတယ်။ တစ်လောတုန်းကအင်ဒိုနီးရှားမိတ်ဆွေတွေ ရန်ကုန်မှာစာတမ်းလာဖတ်ကြတော့ စိုက်ပျိုးရေးနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုပေါင်းစပ်ရမယ်လို့ပြောတာသဘောမပေါက်ဘူး။ ဒီမှာစပါးခင်းထဲဝင်ကြည့်ကြ၊ဓာတ်ပုံတွေ ရိုက်ကြလုပ်မှ သဘောပေါက်တယ်။ ဒီမနက်စောစောစီးစီးမှာမီးပန်းတွေ လွှတ်ကြ လုပ်နေတာတွေ့ရသလိုလှေကားထစ်စိုက်ခင်းလိုတောင်နံရံမှာလုပ်ထားတဲ့ စိုက်ခင်းတွေကအထပ်ထပ်ဆောက်ထားတဲ့ အိမ်တွေနဲ့ အပြိုင်လှနေတာ ကြည့်လို့မဝနိုင်ဘူး။ တောတွေ တောင်တွေဆိုတဲ့ သဘာဝကိုလူလုပ်တဲ့အလှတွေနဲ့ ပေါင်းစပ်ထားတာပေါ့လေ။ နေ့ခင်းဘက်မှာကွင်းတစ်ကွင်းထဲစပါးစ်လှမ်းထားတာတွေ့ရတယ်။ ဒီရွာကိုအလာလမ်းဘေးမှာကောက် ရိတ်နေကြတာတွေ့လို့ ကားရပ်ပြီးဓာတ်ပုံရိုက်ခဲ့ကြသေးတယ်။ ဧည့်လမ်းညွှန်နဲ့ ကားဆရာကဓာတ်ပုံရိုက်ချင်ရင် ကားရပ်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကိုယ်ရိုက်ချင်တိုင်းသာရပ်နေရရင် ရောက်မှာကိုမဟုတ်လို့ ကားမရပ်ခိုင်းပါဘူး။ ကောက်ရိတ်နေတဲ့ အမျိုးသမီးကလက်ကိုင်ဖုန်းနဲ့ လယ်ကွင်းထဲကနေစကားပြောနေတာတွေ့ရတယ်။ ကိုယ်တို့ဆီလည်း ဖြစ်လာနေပြီပဲ။ စပါးချွေတာကိုတော့ တစ်ယောက်ကလက်နဲ့ ရိုက်ခြွေပြီးနောက်တစ်ယောက်ကစက်နဲ့ခြွေနေတာတွေ့ရတယ်။ သူတို့လယ်ကွက်ထဲမှာရေအတော်နက်ပြီးရိတ်တဲ့တံစဉ်က မြန်မာတံစဉ်ထက် အသွားပိုကြီးတာ၊ လက်တံရှည်တာတွေ့ရတယ်။ လယ်ကွင်းထဲမှာစပါးစိုက်ရင်းငါးမွေးကြသတဲ့။ စပါးငါးပေါ့လေ။ နေ့ခင်းကစပါးလှမ်းတဲ့ကွင်းထဲမှာ ရိုးရာဝတ်စုံတွေနဲ့ ဘာလုပ်နေကြသလဲလို့ သွားကြည့်တယ်။ ဝတ်စုံငှားတဲ့ဆိုင်တွေအများကြီးရှိနေပြီးလာတဲ့ဧည့်သည်တွေကဝတ်စုံတွေငှားဝတ်ကြ၊ ဓာတ်ပုံရိုက်ကြ၊ အပြန်အလှန် ဓာတ်ပုံရိုက်ကြလုပ်နေတာတွေ့ရလို့ ကိုယ်လည်းအညံ့မခံဝင်ပြီးဓာတ်ပုံ ရိုက်ခဲ့ကြတယ်။ တောင်ပေါ်တက် ကြည့်တော့လည်းနောက်ခံရှုခင်းတွေနဲ့အတူတိုင်းရင်းသားဝတ်စုံတွေနဲ့ ဓာတ်ပုံရိုက်နေကြတာတွေ့ရတယ်။ မွန်အယူအဆအရလိပ်ပြာကနေဆင်းသက်တယ်။ ကျွဲကစောင့်ရှောက်တယ်။ မေပယ်လ်ပင်ကစောင့်ရှောက်တယ်လို့ ယူဆကြတဲ့အတွက် ရွာတစ်ရွာမှာမေပယ်လ်ပင် အနည်းဆုံးတစ်ပင်ရှိတယ်လို့ဆိုတယ်။ ရိုးရာဝတ်စုံကခေါင်းဆောင်းမှာ ကျွဲချိုနှစ်ခုပါတယ်။ ရိုးရာဝတ်စုံဆိုပေမယ့် နေ့တိုင်းဝတ်တဲ့ဝတ်စုံမှာသိပ်မထူးခြားဘဲပွဲနေပွဲထိုင်ဝတ်တဲ့ဝတ်စုံမှာအရောင်စုံသလိုလှလှပပတောက်တောက်ပြောင်ပြောင်လည်းရှိတယ်။ သာမန်ဝတ်စုံဝတ်ထားတဲ့ တိုင်းရင်းသားမွန်အဘွားကြီးတွေ လက်မှုလုပ်နေတုန်းဓာတ်ပုံဝင်ရိုက်တော့ သူတို့စားနေတဲ့ စိမ်းစားဥကျွေးလို့စားတာကိုဧည့်လမ်းညွှန်ကအရအမိဓာတ်ပုံရိုက်ပေးတယ်။ ဒီရွာကဟိုတယ်မှာအင်တာနက်လည်းသုံးလို့ရနေတဲ့ ကမ္ဘာကြီးနဲ့အဆက်မပြတ်ဘူး။ ဆိုင်အဝင်ဝမှာဂျပန်လုံးဝမဝင်ရဆိုတဲ့စာကထူးခြားတယ်။ တရုတ်လိုမတတ်၊ ဧည့်လမ်းညွှန်မပါရင် ငွေဘယ်လောက်ရှိရှိဒီခရီးကိုရောက်နိုင်မှာမဟုတ်လို့ လိုက်ပို့တဲ့ ယူနန်တက္ကသိုလ်ပါမောက္ခကိုအတော်လေးကျေးဇူးတင်ရတယ်။ ဒေသန္တရ ဗဟုသုတတွေ အများကြီးလည်းရတာကိုး။